ဥရောပ သမဂ္ဂ အစည်းအဝေး ဆုံးဖြတ်ချက် သုံးရပ်ချ

  • 22 ဇူလိုင် 2011
ဓာတ်ပုံ မူပိုင် Reuters (audio)
Image caption ဥရောပ ကော်မရှင် ဥက္ကဌ HERMAN VAN ROMPUY

ဂရိနိုင်ငံရဲ့ ကြွေးမြီ ပြဿနာကို ဖြေရှင်းဖို့ ဒုတိယအကြိမ် အလုံးအရင်းနဲ့ ဘဏ္ဍာရေး ကူညီ ထောက်ပံ့မှုတွေ ပေးအပ်မယ်လို့ ဥရောပ နိုင်ငံ တွေက ခေါင်းဆောင်တွေ သဘောတူ လိုက်ကြ ပါပြီ။

ဘရပ်ဆဲလ်စ်မြို့မှာ အရေးပေါ် အစည်းအဝေး တရပ် ခေါ်ယူ ကျင်းပနေရာမှာ ဒေါ်လာ ဘီလီယံ ၁၅ဝ ကျော် ဘဏ္ဍာရေး အကူအညီပေးအပ်ပြီး ဂရိနိုင်ငံရဲ့ ယိုင်နဲ့နေတဲ့ စီးပွားရေးကို ကယ်တင် ဖို့နဲ့ ဒီပြဿနာက တခြား ဒေသတွင်းက စီးပွား ရေး အင်အားကြီး နိုင်ငံတွေကိုပါ ကူးစက် မသွားအောင် လုပ်ဆောင်ဖို့ ခေါင်းဆောင်တွေ သဘောတူခဲ့ ကြပါတယ်။

ဒီတခါတော့ ဘဏ်တွေနဲ့ တခြား ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူတွေက အခု ကူညီငွေ ပမာဏရဲ့ သုံးပုံတပုံလောက် ထည့်ဝင်ခဲ့ကြတာ ဖြစ်ပါတယ်။

ကျွန်တော်တို့ အရေးပါတဲ့ ဆုံးဖြတ်ချက် သုံးခု ချမှတ်နိုင်ခဲ့ပြီး တခုက ဂရိနိုင်ငံရဲ့ ကြွေးမြီ ဝန်ထုပ် လျော့သွားအောင် ၊ တနိုင်ငံရဲ့ အကြွေး ပြဿနာက နောက်တနိုင်ငံ ကူးစက်မသွား အောင်နဲ့ နောက်ဆုံးတခုကတော့ ယူရိုငွေသုံး နိုင်ငံတွေမှာ အကြပ်အတည်း ဖြစ်လာ ရင် ဒီထက်ကောင်းတဲ့ စီမံခန့်ခွဲမှု နည်းလမ်းတွေ ရှာကြံကြဖို့ သဘောတူခဲ့ ကြတယ်လို့ ဥရောပ ကော်မရှင် ဥက္ကဌ မစ္စတာ ရွမ်ပွိုင်းက ဆိုပါတယ်။

ယူရို ငွေကြေးသုံး နိုင်ငံတွေက ခေါင်းဆောင်တွေဟာ ယူရိုဇုန် အတွင်း စီးပွားရေး ပြန်လည် ဦးမော့ လာစေမယ့် လုပ်ဆောင်တဲ့ အစီအစဉ်ကို ပြန်လည် စစ်ဆေး ဆောင်ရွက်ခဲ့ကြပြီး တိုင်းပြည်တပြည်မှာ စီးပွားရေး ပြဿနာတွေ ရင်ဆိုင်ရတဲ့အခါ ဝင်ရောက် ဖြေရှင်းပေးဖို့ လုပ်ပိုင်ခွင့်တွေ ပေးအပ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဂရိ ဝန်ကြီးချုပ် ဂျော့်ချ် ပါပန်ဒရီယို ကတော့ သူ့နိုင်ငံက ခေါင်ခိုက်နေတဲ့ အကြွေး ပြဿနာ သိသိသာသာ လျှော့ချနိုင်တော့မှာ ဖြစ်တယ်လို့ ပြောပါတယ်။