ဂရိနိုင်ငံကို ကူညီငွေထပ်ပေးရေး ဆွေးနွေး

  • 21 ဇူလိုင် 2011
ဓာတ်ပုံ မူပိုင် AFP
Image caption အစီအစဉ်အသစ်ကို ကျွန်မတို့ အားလုံး သဘောတူ နိုင်ပါလိမ့်မယ်(ဂျာမန်ဝန်ကြီးချုပ်)

ဂရိနိုင်ငံအတွက် ဒုတိယမြောက် စီးပွားရေး ကူညီငွေပေးရေး အစီအစဉ်နဲ့ပတ်သက်ပြီး အလှည့်အပြောင်းရှိတဲ့ အသေးစိတ် ကိစ္စရပ် တွေကို ဥရောပ ခေါင်းဆောင်တွေဟာ ဘယ်ဂျီယံနိုင်ငံ ဘရတ်ဆဲလ်မြို့မှာ ဆွေးနွေး နေကြပါတယ်။

ဥရောပ ငွေကြေးသုံးစွဲနေတဲ့ နိုင်ငံတွေ ဆီကို အခုကြွေးမြီ ပြဿနာ မပြန့်သွားရအောင် ကာကွယ်ကြိုးစားတဲ့ အနေနဲ့ အခုလို ဂရိကို နောက်ထပ် ကူညီငွေပေးဖို့ ဥရောပ ခေါင်းဆောင်တွေက စီစဉ်နေတာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ ဂျာမဏီဝန်ကြီးချုပ် အန်ဂလာမာကဲလ်က ဂရိနိုင်ငံ အတွက် အစီအစဉ် အသစ်ကို ကျွန်မတို့အားလုံး သဘောတူနိုင်လိမ့်မယ်လို့ သူ့အနေနဲ့ ယူဆကြောင်း ပြောကြားသွားပါတယ်။

မနေ့က ညနေပိုင်း ပြုလုပ်ခဲ့တဲ့ ၇ နာရီကြာ ဆွေးနွေးမှုတွေ အတွင်း ဂျာမဏီနဲ့ ပြင်သစ်နိုင်ငံ တို့က ပူးတွဲ အစီအစဉ်တခုကို ၂ နိုင်ငံ သဘောတူ တင်ပြခဲ့ကြပါတယ်။

အစီအစဉ် အသေးစိတ်ကိုတော့ တရားဝင် လူသိရှင်ကြား မထုတ်ပြန်ရ သေးပါဘူး။

ဒါပေမယ့်လို့ နိုင်ငံတကာ credit အဆင့် သတ်မှတ်ပေးတဲ့ အဖွဲ့အစည်းတွေကတော့ ဂရိ အတွက် အကူအညီအသစ် ပေးမယ်ဆိုရင် ဂရိနိုင်ငံကို အကြွေးပြန်ပေးဖို့ ပျက်ကွက် နေတဲ့ နိုင်ငံအဆင့် အဖြစ် ကြေညာမယ်လို့ သတိပေးထားပါတယ်။