တောင်နှင့်မြောက် ကိုရီးယားတို့ ပထမဆုံးတွေ့ဆုံ

  • 22 ဇူလိုင် 2011
ASEAN ထိပ်သီးစည်းဝေးပွဲ ဓာတ်ပုံ မူပိုင် Reuters
Image caption ASEAN ထိပ်သီးစည်းဝေးပွဲ

တောင်နဲ့ မြောက် ကိုးရီးယားနှစ်နိုင်ငံ က နျူးကလီးယား ကိုယ်စားလှယ်တွေ အခုလို ကြုံတောင့်ကြုံခဲ တွေ့ဆုံ ဆွေးနွေးခဲ့ကြတာကို ကြည့်ခြင်းအားဖြင့် မြောက်ကိုးရီးယား နျူးကလီးယား စီမံကိန်းအရေး ၆နိုင်ငံဆွေးနွေးပွဲတွေ ပြန်စနိုင်မဲ့ မျှော်လင့်ချက် ရောင်ခြည်တွေ သန်းလာပြီလို့ ဆိုနိုင်ပါတယ်။

တောင်ကိုးရီးယား ကိုယ်စားလှယ် Wi Sung-Lac နဲ့ မြောက်ကိုးရီးယား ကိုယ်စားလှယ် Ri Yong-Ho တို့ရဲ့ တွေ့ဆုံ ဆွေးနွေးမှုဟာ ၆နိုင်ငံဆွေးနွေးပွဲပြင်ပ တောင်နဲ့ မြောက် ကိုးရီးယား နှစ်နိုင်ငံအကြား ပထမဆုံး ဆွေးနွေးမှု ဖြစ်ပါတယ်။

နှစ်နာရီ နီးပါးကြာ ဆွေးနွေး ပြောဆိုအပြီးမှာ Wi Sung-Lac က ဒီဆွေးနွေးပွဲဟာ အပြုသဘာဆောင်ပြီး အသုံးကျတဲ့ ဆွေးနွေးပွဲ ဖြစ်တယ်လို့ အကောင်းမြင်တဲ့ လေသံနဲ့ သတင်းထောက်တွေကို ပြောသွားပါတယ်။

ဒီဆွေးနွေး ပြောဆိုမှုတွေကြောင့် မနက်ဖြန် ကျင်းပမဲ့ အာဆီယံ ဒေသတွင်း ဆွေးနွေးပွဲ နဲ့ ဆက်စပ်နေတဲ့ သီးခြား ဆွေးနွေးပွဲတွေမှာ တောင်ကိုးရီးယား နိုင်ငံခြားရေး ဝန်ကြီး Kim Sung-Hwan နဲ့ မြောက်ကိုးရီးယား နိုင်ငံခြားရေး ဝန်ကြီး Pak Ui-Chun တို့ ဆွေးနွေး ပြောဆိုဖို့ လမ်းပွင့်လာနိုင်ဖွယ် ရှိပါတယ်။

မြောက်ကိုးရီးယားက သူတို့ရဲ့ နျူးကလီးယား စီမံကိန်းဟာ အမေရိကန်ကို တားဆီးတဲ့ အနေနဲ့ လုပ်တာမို့ ဒီကိစ္စကို့ တောင်ကိုးရီးယားနဲ့ နှစ်ဦးထဲ သီးခြား ဆွေးနွေး ပြောဆို တာမျိုး မလုပ်ဘူး ဆိုပြီး အရင်တုန်းက ငြင်းဆန်နေခဲ့တာပါ။

၆နိုင်ငံဆွေးနွေးပွဲ အိမ်ရှင်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံကတော့ ၆နိုင်ငံ ဆွေးနွေးပွဲ အပြည့်အဝ ပြန်စနိုင်ရေး လမ်းခင်းပေးဖို့အတွက် အမေရိကန်နဲ့ မြောက်ကိုးရီးယား ဆွေးနွေးပွဲတွေ အပြီးမှာ တောင်နဲ့ မြောက် နှစ်နိုင်ငံ အကြား ဆွေးနွေးပွဲတွေ လုပ်ဖို့ တွန်းအားပေး ပြောဆိုနေတာပါ။