ကမ္ဘာကျော် အဆိုတော် အေ​မီ ဝိုင်း​ဟောက်စ် ရုတ်တရက် သေဆုံး

  • 23 ဇူလိုင် 2011
amy winehouse
Image caption အသက် ၂၇ နှစ်သာ ရှိသေးတဲ့ ကမ္ဘာကျော် အဆိုတော် အေမီ ဝိုင်းဟောက်စ်

အနောက်တိုင်း ခေတ်ပေါ် တေးဂီတ လောကမှာ အောင်မြင်မှု အရှိဆုံးလည်း ဖြစ်၊ ဆုတွေ အများကြီးလည်း ဆွတ်ခူးခဲ့တဲ့ ဗြိတိသျှအဆိုတော် အေမီ ဝိုင်းဟောက်စ် ရုတ်တရက် သေဆုံးသွားပါတယ်။

အေမီ ခုလို ရုတ်တရက် သေဆုံးခဲ့ရတဲ့ အကြောင်းရင်းကို မသိရသေးဘူးလို့ လန်ဒန် ရဲတပ်ဖွဲ့က ပြောခွင့်ရသူက ပြောပါတယ်။

လန်ဒန် လူနာတင်ကားဌာနကို ညနေခင်း ၄ နာရီလောက်မှာ အရေးပေါ် လှမ်းခေါ်လို့ လူနာတင်ယာဉ် နှစ်စီး သွားခဲ့တယ်၊ ဒါပေမဲ့ အမျိုးသမီးရဲ့ အသက်ကို မမှီတော့ဘူးလို့ အဲဒီဌာနက သတင်းထုတ်ပြန်ပါတယ်။

အရက်ဖြတ်ပေးတဲ့ စခန်းမှာ သွားပြီး အရက်ဖြတ်ဖို့ ငြင်းဆန်တဲ့အကြောင်း စပ်ဆိုထားတဲ့ Back to Black ဆိုတဲ့ သီချင်းက အေမီ ဝိုင်းဟောက်စ်ရဲ့ နာမည် အကြီးဆုံး သီချင်းတွေ ထဲက တခု ဖြစ်ပါတယ်။

တကယ်တမ်းမှာလည်း အေမီရဲ့ အောင်မြင် ကျော်ကြားတဲ့ အဆိုတော် ဘဝ အချိန်တော်တော် များများမှာ အရက်နဲ့ မူးယစ် ဆေးဝါး စွဲစွဲလန်းလန်း သုံးစွဲတဲ့ အရိပ်မည်း ကြီးက လွှမ်းမိုးလို့ နေခဲ့တာပါ။

Image caption အေမီဝိုင်းဟောက်စ်ဟာ မကွယ်လွန်ခင်နှစ်များ မှာတော့ အရက်၊ မူးယစ်ဆေးနဲ့သာ နပန်းလုံးခဲ့

အေမီရဲ့ ဥရောပ လှည့်လည်ဖျော်ဖြေပွဲ ခရီးတွင်း ပြီးခဲ့တဲ့လက လန်ဒန်မှာ ဖျော်ဖြေဖို့ ရှိပေမယ့် ဆာဘီးယားနိုင်ငံ ဖျော်ဖြေပွဲမှာ အရက်မူးလွန် နေလို့ ပရိသတ်တွေက အောက်က အော်ဟစ် ရှုတ်ချ ပြီးနောက်မှာ လန်ဒန် ဖျော်ဖြေပွဲကိုလည်း မဆက်နိုင်ခဲ့ပါဘူး။

မိနစ် ၉၀ကြာ ဖျော်ဖြေပွဲမှာ အေမီ ဝိုင်းဟောက်စ် ဟာ သီချင်းကို တပုဒ်ပြည့်အောင်တောင် မဆို နိုင်ဘဲ အချို့ အပိုဒ်တွေကို ဝါးဆိုနေပြီး ဇာတ်စင် နောက်ကို ဝင်ဝင် သွားလို့ သူ့ တီးဝိုင်းက အချိန် တော်တော် များများမှာ ဖြည့်တီး ပေးခဲ့ရပါတယ်။