ဒုက္ခ​ပေး​မယ့် အသည်း​ရောင် အသား​ဝါ ရောဂါ​ပိုး

  • 24 ဇူလိုင် 2011

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် WHO က လာမယ့် ဆယ်စုနှစ်မှာ အသည်းရောင် အသားဝါ ရောဂါပိုးကြောင့် အရှေ့တောင်အာရှနဲ့ တောင်အာရှမှာ လူငါးသန်း ကျော် သေဆုံးမယ်လို့ ထုတ်ဖော် ပြောကြား ခဲ့ပါတယ်။

Image caption Hepatitis Virus ပိုး ပြပုံ

ဒီလူတွေဟာ အရွယ်ကောင်းတွေလို့လည်း ဆိုပါတယ်။ လာမယ့် ကြာသပတေးနေ့မှာ ကျရောက်မယ့် ပထမဆုံး အကြိမ်အဖြစ် ကျင်းပမယ့် ကမ္ဘာ့ အသည်းရောင် အသားဝါနေ့ အကြောင်း ထုတ်ပြန်တာမှာ အခုလို ထုတ်ဖော် ပြောကြား လိုက်တာလည်း ဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် WHO ရဲ့ ပြောကြားချက်အရ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ အရှေ့တောင်အာရှဒေသတွင်းမှာ အသည်းရောင် အသားဝါပိုးကြောင့် သေဆုံးသူ အရေအတွက်ဟာ ငှက်ဖျား၊ သွေးလွန်တုပ်ကွေးနဲ့ HIV/AIDS ရောဂါတွေနဲ့ သေဆုံးသူ အရေအတွက် စုစုပေါင်းထက် သာလွန်နေတယ်လို့ သိရပါတယ်။

အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အပါအဝင် အရှေ့တောင်အာရှ ဒေသတွင်းက နိုင်ငံ ၁၁ နိုင်ငံမှာ မနှစ်က အသည်းရောင် အသားဝါ စီပိုး ကူးစက်ခံရသူ ပေါင်းဟာ ၂၉ သန်း ရှိပြီး၊ HIV ပိုး ကူးစက်ခံရသူကတော့ သုံးသန်းခွဲပဲ ရှိခဲ့ပါတယ်။

အသည်းရောင်အသားဝါ ရောဂါဟာ အသည်းကို ထိခိုက်ပြီး ကင်ဆာအထိ ဖြစ်နိုင်ပေမယ့် လူတော်တော်များက ကိုယ့်မှာ ရှိလို့ ရှိနေမှန်း မသိကြတာ များပါတယ်။ တချို့ဆို နှစ်ပေါင်းများစွာ ကိုယ့်မှာပိုးရှိလို့ ရှိနေမှန်း မသိကြပါဘူး။

WHO အပြောအရတော့ ကမ္ဘာနဲ့တဝှန်း အသည်းရောင်အသားဝါ ဘီပိုးကာကွယ် ဆေးကို ကလေးငယ် တွေမှာ ထိုးပေးတာ အတော်လေး အောင်မြင်ပေမယ့် အရှေ့တောင် အာရှနိုင်ငံတွေ အများစုက ကာကွယ်ဆေး ထိုးဖို့ကျတော့ တိတိကျကျ လိုက်နာမှုမှာ အားနည်းတယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ပြောပါတယ်။

အသည်းရောင် အသားဝါရောဂါဖြစ်ရတဲ့ အဓိကအကြောင်းကတော့ ဆင်းရဲလို့ရယ်၊ ရန်ပုံငွေမလုံလောက်မှုရယ်ကြောင့် ဖြစ်ပါတယ်။ အသည်းရောင် အသားဝါ အေနဲ့ အီးကတော့ အစားအစာနဲ့ ရေကနေ ကူးစက်နိုင်ပါတယ်။ အထူးသဖြင့် မိုးရာသီမှာ ရေလွှမ်းပြီး ရေကနေ တဆင့်ကူးစက် ရောဂါတွေ ဖြစ်တဲ့အခါ အသည်းရောင် အသားဝါ ရောဂါလည်း ဖြစ်တတ်ပါတယ်။

အသည်းရောင်အသားဝါ ဘီနဲ့စီကတော့ သွေးကနေ ဒါမှမဟုတ် ခန္ဓာကိုယ်က ထွက်တဲ့ အရည်ကနေတဆင့် ကူးစက်နိုင်တာမို့ သွေးသွင်းတာ၊ ဆေးထိုးခန်းတွေမှာ ဆေးထိုးအပ် တချောင်းတည်းကိုပဲ ထပ်ပြန်တလဲလဲ သုံးတာကနေ ကူးစက်နိုင်ပါတယ်။

WHO ရဲ့ သတိပေးချက်မှာတော့ ရောဂါပိုးရဲ့ ဆိုးကျိုးကြီးမားပုံကို လူတွေက သေချာမသိကြတော့ ဒါဟာ ရောဂါသည် ဦးရေတိုးပွားစေမှုရဲ့ အဓိက အကြောင်း အရာဖြစ်တယ်လို့ ဆိုပါတယ်။