နော်ဝေး အကြမ်းဖက် တိုက်ခိုက်ခဲ့သူကို စွဲချက်တင်ပြီ

  • 23 ဇူလိုင် 2011
ဓာတ်ပုံ မူပိုင် AFP
Image caption သူဟာ ရှေးရိုးစွဲဝါဒီဖြစ်ပြီး၊ မူဆလင် ဆန့်ကျင်ရေး အမြင်ရှိသူဖြစ်ပါတယ်

နော်ဝေးနိုင်ငံမှာ မနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှု နှစ်ခု အတွင်း အနည်းဆုံး လူ ၉၂ ဦး သေဆုံးသွားပြီဖြစ်ပြီး၊ ဒီတိုက်ခိုက်မှု အတွက် အသက် ၃၂ နှစ်အရွယ် နော်ဝေးနိုင်ငံသား Anders Behring Breivik ကို နိုင်ငံရဲ့ အကြမ်းဖက်မှုဆိုင်ရာ ဥပဒေနဲ့ ရဲက စွဲချက်တင် လိုက်ပါပြီ။

အော်စလိုမြို့ မြောက်ဖက် ကျွန်းတခုက အာဏာရ လေဘာပါတီရဲ့ လူငယ်တွေ စခန်းသွင်း တွေ့ဆုံပွဲ လုပ်နေတဲ့ နေရာမှာ ရဲဝတ်စုံနဲ့ သေနတ်သမားက ပစ်ခတ်ခဲ့တဲ့အတွက် လူ ၈၅ သေဆုံးသွားပြီး သေဆုံးသူအများစု ဟာ ဆယ်ကျော်သက် အရွယ်တွေ ဖြစ်ကြပါတယ်။

အဲဒီလို ပစ်ခတ်မှုတွေ မဖြစ်ခင် အစောပိုင်း ၂ နာရီလောက်က အော်စလိုမြို့လယ် အစိုးရ အဆောက်အဦတွေရှိရာ နေရာမှာ အရင်ဆုံး အနေနဲ့ ဗုံးတလုံး ပေါက်ကွဲခဲ့တာ ကြောင့် လူ ၇ ယောက် သေဆုံးခဲ့ပြီး အတော်များများ ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

ပစ်ခတ်မှုခံရမှုမှာ အသက်မသေပဲ လွတ်မြောက်လာသူတွေနဲ့ သူတို့ရဲ့ မိသားစုတွေရှိနေတဲ့ အော်စလိုမြို့ပြင်က ဟိုတယ်တခုကို နော်ဝေး ဘုရင် ဟာရဲလ်နဲ့ ဘရင်မ ဆွန်ယာ တို့ဟာ သွားရောက် နှစ်သိမ့်ခဲ့ကြပါတယ်။

နော်ဝေးဝန်ကြီးချုပ်ကလည်း အဲဒီနေရာကိုသွားရောက်ခဲ့ပြီး၊ လွတ်မြောက်လာသူတွေနဲ့ သူတို့ရဲ့ ဆွေးမျိုးတွေကို လှိုက်လှုက်လှဲလှဲ အားပေးခဲ့ပါတယ်။

အခုတိုက်ခိုက်မှု အပေါ် ကမ္ဘာ့နိုင်ငံတွေက ပစ်တင် ရှုတ်ချခဲ့ကြပြီး၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်က သူ့အနေနဲ့ ရင်နှင့်အမျှ စာနာရပါကြောင်းနဲ့ နော်ဝေးပြည်သူတွေနဲ့ တစည်းတလုံးတည်း ရှိကြောင်း ပြောကြားပါတယ်။

မစ္စတာ ဘရီးဗစ်ခ်ဟာ ဘယ်လိုလူမျိုးလဲ

သူဟာ ခရစ်ယာန် ဘာသာဝင် တဦးဖြစ်ပြီး ရှေးရိုးစွဲ အယူလက်ကိုင်ထားသူ ဖြစ်တယ်လို့ အဲဒီ အင်တာနက် စာမျက်နှာတွေမှာ သူ့ကိုသူ ဖေါ်ညွှန်း ဖေါ်ပြထားပါတယ်။

ရွှေဝါရောင် ဆံပင်နဲ့ အပြာရောင်မျက်လုံး ပိုင်ရှင် မစ္စတာ Brevikရဲ့ ပုံကိုလည်း အဲဒီ အင်တာနက် စာမျက်နှာတွေမှာ တွေ့ရပါတယ်။ သူဟာ Oslo မြို့မှာ ကြီးပြင်းခဲ့သူတဦးလို့ ယူဆရပါတယ်။

နောက်ပိုင်းမှာတော့ မြို့ကနေ ပြောင်းရွှေ့သွားပြီး Brevik Geofarm ဆိုတဲ့ ကုမ္ပဏီတခုကို ထူထောင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီကုမ္ပဏီဟာ ဟင်းသီးဟင်းရွက်တွေ ပြုစုပျိုးထောင် တဲ့ ကုမ္ပဏီ တခုလို့ ဆိုပါတယ်။

သူဟာ ဖေါက်ခွဲ ပစ္စည်း တွေ ထုတ်ရာမှာ သုံးတဲ့ ဓါတ်မြေသြဇာ ပစ္စည်းတွေ အများအပြား ရနိုင်အောင် ဒီကုမ္ပဏီကို အသုံးချခဲ့ပုံ ရတယ်လို့ နော်ဝေး သတင်းဌာနတွေမှာ ထင်ကြေးပေး ပြောဆိုနေကြပါတယ်။

မစ္စတာ Brevik ဟာ အသက် နှစ်ဆယ်နှောင်းပိုင်းလောက်ကစပြီး အစွန်းရောက် လက်ယာ ဝါဒီ တဦး ဖြစ်လာခဲ့တယ်လို့ သူ့ သူငယ်ချင်း တဦးကို ကိုးကားပြီး နော်ဝေး နိုင်ငံထုတ် Verdens Gang သတင်းစာကြီးထဲမှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင် မစ္စတာ Brevik ဟာ အင်တာနက် စာမျက်နှာတွေပေါ်က ဆွေးနွေးခန်းတွေမှာ လည်း ဝင်ပါလေ့ ရှိပြီး သူ့ရဲ့ ပြင်းထန်တဲ့ အမျိုးသားရေး အမြင်တွေကို ထုတ်ပြောလေ့ ရှိတယ်လို့ အဲဒီ သတင်းစာကြီးထဲမှာပဲ ဖေါ်ပြထားပါတယ်။