နော်ဝေးတိုက်ခိုက်မှု နောက်ဆုံး အခြေအနေ

  • 24 ဇူလိုင် 2011
norway ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဝမ်းနည်းခြင်း အထိမ်းအမှတ် လွှင့်ထူထားတဲ့ နော်ဝေး အလံ

နော်ဝေး နိုင်ငံမှာ မြို့တော်မှာ ဗုံးခွဲ ပြီး နွေရာသီ စခန်းက လူငယ်တွေကို ပစ်ခတ် ခဲ့သူက အဲဒီ အတွက် တာဝန်ရှိတယ် လို့ ပြောပါတယ်။

သောကြာနေ့က နော်ဝေး နိုင်ငံ အော်စလို မြို့တော်မှာ ဗုံးခွဲ တိုက်ခိုက် ခဲ့ပြီး လူငယ်တွေ နွေရာသီ စခန်းသွင်း တွေ့ဆုံ ပွဲ လုပ်နေတဲ့ ကျွန်းပေါ် မှာပါ လူတွေကို အစုလိုက် အပြုံလိုက် ပစ်ခတ် ခဲ့တဲ့ အသက် ၃၂ နှစ် အရွယ် ရှိတဲ့ နော်ဝေး လူမျိုး အန်းဒါးစ် ဘေရင်း ဘရေးဗစ် က ဒီကိစ္စတွေ နဲ့ ပတ်သက် လို့ သူ့မှာ တာဝန် ရှိကြောင်းကို ဝန်ခံ ခဲ့ပြီး ဒီလုပ်ရပ် တွေဟာ ထိတ်လန့် တုန်လှုပ် စရာ ကောင်းပေမယ့် လုပ်ဖို့ လိုအပ် နေတယ်လို့ ယူဆကြောင်း တွေကို ပြောခဲ့ တယ်လို့ သူ့ရဲ့ ရှေ့နေက ပြောပါတယ်။

ဒီ တိုက်ခိုက်မှု တွေကြောင့် နွေရာသီ လူငယ် စခန်းမှာတင် လူပေါင်း ၈၅ ယောက် အသက် ဆုံးရှုံး ခဲ့ရ ပါတယ်။ အဲဒီ မတိုင်ခင် မှာတော့ အော်စလိုမှာ ပေါက်ခဲ့တဲ့ ကားဗုံးကြောင့် လူပေါင်း ၇ ဦးသေဆုံး ခဲ့ရပါတယ်။

အခု တိုက်ခိုက်မှု အပြီး ၃၆ နာရီလောက် ကြာတဲ့ အထိလဲ လူတချို့ ပြောက်ဆုံး နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကလဲ ဘေးလွတ်ရာကို ရေကူးပြေး ကြရင်း ရေနစ် ကုန်ကြတာ ဖြစ်နိုင် တယ်လို့ ယူဆနေကြပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီးထွက်လာတဲ့ နောက်ထပ်သတင်း တွေ အရတော့ ဒီ အန်းဒါးစ် ဘေရင်း ဘရေးဗစ် ဟာ ယူတိုရာ ကျွန်းပေါ်က တိုက်ခိုက်မှုကို ကျူးလွန် အပြီးမှာ ရဲလက်ကို ကိုယ်တိုင် အပ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

လောလောဆယ် မှာတော့ အော်စလို မြို့လယ်မှာ ဖောက်ခွဲခဲ့တဲ့ ဗုံးကို ဘယ်လို ဖောက်ခွဲ ခဲ့သလဲ ဆိုတာပဲ ဖြစ်ပါတယ်။ ရဲဘက် ကတော့ ဒီ ဗုံး ပါတဲ့ ကား ထရပ်ကားကို ဝန်ကြီးချုပ်ရဲ့ ရုံးရှိတဲ့ အဆောက် အအုံ ရဲ့ အပြင်မှာ ရပ်ထား ပြီးဖောက်ခွဲ ခဲ့တာ လို့ ဆိုပါတယ်။

ဗုံး ဖောက် ခွဲရာမှာ သုံးနိုင်တဲ့ ဓါတ်မြေဩဇာ တွေကို ရောင်းခဲ့တဲ့ စတိုးဆိုင်က ဝန်ထမ်း တဦးကတော့ ဘေးဗရစ် က ဓာတ်မြေသြဇာ တန် ၆ တန်လောက် ဝယ်ခဲ့တာကို ရဲကို သတင်း ပေးပို့ ခဲ့ကြောင်း ပြောပြပါတယ်။

နော်ဝေး ဘုရင် ကင်း ဟာရိုလ်ဒ်နဲ့ ဆိုညာ မိဖုရားကြီး တို့ကလဲ ဒီတိုက်ခိုက်မှုကနေ လွတ်မြောက် ပြီး အသက် ရှင် ကျန်ရစ် သူတွေကို အားပေး စကား တွေ ပြောကြား ခဲ့ကြ ပါတယ်။ ဘုရင် ဟာရိုလ်ဒ်က နော်ဝေး ရုပ်မြင်ကနေ ပြောကြား ရာမှာတော့ နော်ဝေး တမျိုးသားလုံး အတွက် ဝမ်းနည်း ကြေကွဲ ဖွယ်ရာ အဖြစ်ဆိုး ကြီး ဖြစ်ကြောင်း၊ ဒါမျိုး ဘယ်တော့ မှ ဖြစ်မလာ နိုင်ဘူးလို့ ထင်ထား ခဲ့ကြ ပေမယ့် အခုတော့ လက်တွေ့ ကြုံနေကြ ရပြီ ဖြစ်ကြောင်း ပြောကြား ခဲ့ ပါတယ်။

ဆက်လက်ပြီး ပြောကြား ရာမှာတော့ ဆွန်ဗိုလန်း မှာ လူငယ်တွေ နဲ့ အတူ သူတို့ရဲ့ ဆွေမျိုး သားချင်း တွေနဲ့ပါ တွေ့ဆုံ ဖြစ်ခဲ့ပြီး သူတို့ရဲ့ အတွေ့ အကြုံ တွေကိုလဲ ဝေမျှ ခံစား ခဲ့တဲ့ အကြောင်း၊ သူတို့တွေ ကြုံခဲ့ ရတဲ့ အဖြစ် အပျက် တွေကို တွေးကြည့် လို့တောင် မရ နိုင်ကြောင်း နဲ့ အော်စလိုနဲ့ ယူတိုယာ မှာ အဖြစ်ဆိုး နဲ့ ကြုံခဲ့ ရသူတွေ အတွက် အလွန် တရာ ဝမ်းနည်း ကြေကွဲ ရတဲ့ အကြောင်း တွေကို ပြောသွား ပါတယ်။

နော်ဝေးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက် မှုတွေ နဲ့ ပတ်သက်ပြီး ကမ္ဘာ တဝှမ်းက တုန့်ပြန် မှုတွေ ကို ပြောရ ရင်တော့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက အကြမ်းဖက် တိုက်ခိုက် မှုတွေ အားလုံးဟာ ဘာအကြောင်း ကိုပဲ အခြေခံပြီး လုပ်လုပ် ကမ္ဘာ့ ငြိမ်းချမ်းရေးကို ခြိမ်းခြောက် နေတဲ့ အဆိုးဆုံး အရာတွေ ထဲက တခု ဖြစ်တယ်လို့ ဆိုပါတယ်။

ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း ကတော့ ဗြိတိန် အနေနဲ့ နော်ဝေး ပြည်သူတွေနဲ့ အတူ ဝမ်းနည်း ကြေကွဲ နေရကြောင်း ပြောပါတယ်။ ဗာတီကန်နဲ့ ရုရှား တို့က အကြီး အကဲ တွေ ကလဲ ဝမ်းနည်း ကြောင်းတွေ ပေးပို့ ခဲ့ကြ ပါတယ်။