နော်ဝေး တိုက်ခိုက်မှုတွေအတွက် မစ္စတာဘရီးဗစ်ခ် ဝန်ခံ

  • 24 ဇူလိုင် 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption တိုက်ခိုက်ခဲ့တဲ့ ကိစ္စကို သူကိုယ်တိုင် တရားရုံး မှာ ရှင်းပြမယ်လို့ ဆိုပါတယ်

နော်ဝေးနိုင်ငံမှာ သောကြာနေ့က ဖြစ်ပွားခဲ့ တဲ့ ထိတ်လန့်ဖွယ်ရာ ပစ်ခတ်မှုနဲ့ ဗုံးခွဲ တိုက်ခိုက်ခဲ့မှုတွေနဲ့ ပတ်သက်ပြီး ရာဇဝတ်မှု ကျူးလွန်ခဲ့တယ်လို့ ရဲက စွဲချက်တင်ခဲ့တဲ့ တရားခံ အန်ဒါးစ် ဘဲရင်း ဘရီဗစ်ခ်က တိုက်ခိုက်မှု ၂ ခုစလုံးကို သူတဦးတည်းက ပြုလုပ်ခဲ့တာဖြစ်ကြောင်း ပြောကြားလိုက် ပါတယ်။

တိုက်ခိုက်မှုတွေလုပ်ခဲ့တယ်ဆိုတာကို သူက ဝန်ခံခဲ့ပြီး၊ ဒီကိစ္စကို သူကိုယ်တိုင် တရားရုံးမှာ ရှင်းပြမယ်ဆိုတဲ့အကြောင်း မစ္စတာ ဘရီဗစ်ခ်ရဲ့ ရှေ့နေကပြောပါတယ်။

တိုက်ခိုက်မှုမှာ သေဆုံးရသူ အရေအတွက်ဟာ တရာနီးပါးရှိခဲ့ပြီဖြစ်ပြီး၊ ရဲကလည်း ဒီကနေ့ မနက် အောစလိုမြို့မှာ ဝင်ရောင်စီးနှင်းမှုတခု ပြုလုပ်ခဲ့ပါတယ်။

လူအတော်များများကိုလည်း ထိန်းသိမ်းခဲ့ပြီးနောက်ပိုင်းမှာတော့ ပြန်လွှတ်ပေးခဲ့ပါတယ်။

စုံစမ်းစစ်ဆေးမှုတွေကိုတော့ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး၊ နိုင်ငံနဲ့အဝှမ်း သေဆုံး သွား သူတွေအတွက် ဝမ်းနည်း ပူဆွေးတဲ့ အခမ်းအနားတွေ ပြုလုပ်နေကြပါတယ်။

ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဒုတိယကမ္ဘာစစ်အပြီး အခုတိုက်ခိုက်မှုဟာ နော်ဝေး မှာ အဆိုးဝါးဆုံးဖြစ်ပါတယ်

အစိုးရအဖွဲ့ဝင်တွေနဲ့ တော်ဝင်မိသားစုဝင်တွေ ဟာ အော်စလို ခရစ်ယာန်ဘုရားရှိခိုးကျောင်း မှာပြုလုပ်တဲ့ အထူး အောက်မေ့ဖွယ် အခမ်း အနားကို တက်ရောက်ခဲ့ကြပြီး၊ ဆုတောင်းပေး ခဲ့ကြပါတယ်။ အလံတွေကိုလည်း တိုင်ဝက်လွှင့် ထူ ထားကြပါတယ်။

ဝန်ကြီးချုပ် ယန်းစ် စတော့တန်ဘာ့ဂ်က သေဆုံး သွားခဲ့ရသူ တဦးချင်း တယောက်ချင်းအတွက် ဒါဟာ ကြေကွဲဖွယ် ဖြစ်ရပ်ဆိုးကြီးပါလို့ ဝမ်းနည်းခြင်း အခမ်းအနားမှာ ပြောကြားသွား ပါတယ်။

ဒုတိယကမ္ဘာစစ်ကြီးအပြီး နော်ဝေးမှာအခု တိုက်ခိုက်မှုဟာ အဆိုးဝါးဆုံး ဖြစ်တယ်လို့လည်း ဖေါ်ပြ ပြောဆိုနေကြပါတယ်။