အသည်းရောင် အသားဝါ ရောဂါပိုးနေ့ သတ်မှတ်

  • 26 ဇူလိုင် 2011

အသည်းရောင် အသားဝါ ရောဂါပိုးကြောင့် ကမ္ဘာမှာ နှစ်စဉ် လူ တစ်သန်းလောက် သေဆုံးနေရတာကို တိုက်ဖျက်ဖို့ အတွက် WHO ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ဇူလိုင် လ ၂၈ ရက်နေ့ကို ကမ္ဘာ့ အသည်းရောင် အသားဝါရောဂါ တိုက်ဖျက်ရေးနေ့ အဖြစ် ဒီနှစ်မှာ ပထမဆုံး စတင် သတ်မှတ်လိုက်ပါတယ်။

Image caption မြန်မာနိုင်ငံမှာ အသည်းရောင် အသားဝါ ဘီပိုး ကူးစက်နှုန်း မြင့်မား

Hepatitis လို့ ခေါ်တဲ့ အသည်းရောင် အသားဝါ ရောဂါကို အာရှ ဒေသတခုလုံးမှာ တွေ့ရပြီး Hepatitis A, B, C နဲ့ E ဆိုပြီး အမျိုးအစား လေးခု ခွဲထားပါတယ်။

အဲဒီထဲမှာ B နဲ့ C အမျိုးအစားတွေဟာ သွေးက တဆင့် ကူးစက်နိုင်ပြီး ရောဂါပိုး ရှိလျက်နဲ့ ဂရုမစိုက်ရင် အခုချိန်အထိ ကုသလို့ မရနိုင် သေးတဲ့ အသည်းကင်ဆာရောဂါ ဖြစ်လာနိုင် တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ အသည်းရောင် အသားဝါ ဘီပိုး ကူးစက်နှုန်း မြင့်မားနေတယ် ဆိုတာကို လေ့လာ ဆန်းစစ်ချက်တွေအရ တွေ့ထားရကြောင်း WHO ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ရဲ့ Hepatitis ရောဂါ ကျွမ်းကျင်သူ ပညာရှင် ဒေါက်တာ Alex Andjaparidze က ဘီဘီစီကို ပြောပြပါတယ်။

ပညာရှင်တွေရဲ့ ခန့်မှန်းချက်အရ မြန်မာနိုင်ငံမှာ အသားဝါရောဂါ ဘီပိုး ကူးစက်ထားသူ အရေအတွက်ဟာ လူဦးရေ စုစုပေါင်းရဲ့ ၁၀ ရာနှုန်းကနေ ၁၂ ရာနှုန်းကြား ရှိနေတယ်လို့ သူက ပြောပါတယ်။

အသားဝါ ရောဂါ ဘီပိုးအမျိုး အစားဟာ အသည်းကျွတ်ရောဂါနဲ့ အသည်းကင်ဆာ ဖြစ်စေတဲ့ အဓိက အကြောင်းတခု ဖြစ်ကြောင်းနဲ့ အဲဒီလို ဖြစ်စေတဲ့ နောက်ထပ် ပိုးတမျိုး ကတော့ အသားဝါ ရောဂါ စီပိုး အမျိုးအစား ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ သွေးသွင်းရာကနေ အဲဒီ ရောဂါပိုးတွေ ကူးစက်ခံရတဲ့နှုန်းဟာ ၂ ဒဿမ ၈ ရာနှုန်း လောက် ရှိနေတယ်လို့ ဒေါက်တာ Alex Andjaparidze က ပြောပါတယ်။

E အမျိုးအစား ရောဂါပိုးကတော့ မသန့်ရှင်းတဲ့ရေနဲ့ အစားအသောက်တွေကနေ ကူးစက်နိုင် တာကြောင့် တကိုယ်ရေ သန့်ရှင်းမှုကို ဂရုစိုက်ဖို့နဲ့ ရောဂါပိုး ရှိသူတွေအနေနဲ့ နောက်ထပ် ကူးစက်မှုတွေ မဖြစ်အောင် ဂရုစိုက်ဖို့ လိုတယ်လို့ သူက ဆိုပါတယ်။

အထူးသဖြင့် သွေးကတဆင့် ကူးစက်နိုင်တဲ့ ဘီပိုးနဲ့ ပတ်သက်ပြီး အရက်သေစာ မသောက် စားဖို့၊ လိင်ဆက်ဆံတဲ့အခါ အကာအကွယ်သုံးဖို့၊ မလိုအပ်ဘဲ ဆေးထိုးအပ် မသုံးဖို့နဲ့ ရောဂါ ပိုး ရှိသူတွေအနေနဲ့ သွေးလှူ တာမျိုး မလုပ်ကြဖို့ လိုတဲ့အကြောင်း သူက ရှင်းပြပါတယ်။

ကာကွယ်ဆေး ထိုးပြီး တားဆီးနိုင်တဲ့ အသားဝါ ဘီပိုးကို တိုက်ဖျက်ဖို့အတွက် မြန်မာနိုင်ငံ မှာ ကလေးသူငယ် ၉၀ ရာနှုန်းကို ကာကွယ်ဆေး ထိုးထားနိုင်ပြီလို့လည်း ဒေါက်တာ Alex Andjaparidze က ပြောပါ တယ်။

လာမယ့် ၂၀၁၂ ခုနှစ်အတွက် လိုအပ်တဲ့ ကာကွယ်ဆေးကို WHO အနေနဲ့ ထောက်ပံ့ ကူညီပေးဖို့ မြန်မာအစိုးရက တောင်းခံထားပြီး ဒီဆေးတွေ ရနိုင်လိမ့်မယ် လို့လည်း သူမျှော်လင့်ကြောင်း ဒေါက်တာအဲလက်စ်က ပြောပါတယ်။

အသားဝါရောဂါ စီပိုး တိုက်ဖျက်ရေးမှာတော့ အဓိကလိုအပ်ချက် ဖြစ်တဲ့ ရောဂါပိုး ရှိမရှိ ဆေးစစ်ရာမှာ ကုန်ကျစားရိတ်က ကြီးနေသေးတယ်လို့ သူကဆိုပါတယ်။

လောလောဆယ် ကမ္ဘာမှာ အသည်းရောင် အသားဝါရောဂါ ဘီပိုး ကူးစက်ခံ ထားရသူ သန်း ၁၀၀ လောက် ရှိနေပြီး အသားဝါ ဘီပိုးဟာ HIV ရောဂါပိုးထက် အဆ ၁၀၀ လောက် ပို ကူးစက် လွယ်တာမို့ ဒီရောဂါ အကြောင်း လူတွေ ပိုနားလည်လာဖို့ သိပ်အရေးကြီးတယ်လို့ WHO ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ ကပညာရှင် ဒေါက်တာ Alex Andjaparidze က ဘီဘီစီကို ပြောပြပါတယ်။