ကဒါဖီ အာဏာစွန့်ရင် တိုင်းပြည် ထဲက ထွက်ပေးဖို့ မလို

  • 26 ဇူလိုင် 2011
gaddfi ဓာတ်ပုံ မူပိုင် BBC World Service
Image caption ကဒါဖီကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးက ဖမ်းဝရမ်း ထုတ်ထား

လစ်ဗျား ခေါင်းဆောင် ဗိုလ်မှူးကြီး ကဒါဖီ အနေနဲ့ အာဏာ စွန့်လွှတ်ပေးမယ် ဆိုရင် သူ့တိုင်းပြည်မှာပဲ သူနေခွင့် ရကောင်း ရနိုင် မဲ့အကြောင်း ပြင်သစ် အစိုးရက ပြောဆိုခဲ့ သလိုပဲ ဗြိတိန် အစိုးရကလည်း အလားတူ ပြောဆိုလိုက်ပါတယ်။

ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး William Hague က ဗိုလ်မှူးကြီး ကဒါဖီ လစ်ဗျားနိုင်ငံကနေ ထွက်ခွာသွားတာကိုတော့ သူ့အနေနဲ့ ပိုလိုလား ပါကြောင်း၊ ဒါပေမဲ့လည်း ဒီပဋိပက္ခ ကိစ္စကို ဖြေရှင်းရာမှာ လစ်ဗျား ပြည်သူတွေကပဲ ဆုံးဖြတ်သင့်ကြောင်း ပြောပါတယ်။

မစ္စတာ Hague ဟာ ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီးနဲ့ လန်ဒန်မြို့မှာ တွေ့ဆုံ ဆွေးနွေး အပြီး မှာ အခုလို ပြောကြားလိုက်တာပါ။

လစ်ဗျား အတိုက်အခံတွေကလည်း တကယ်လို့ ဗိုလ်မှူးကြီး ကဒါဖီကသာ အာဏာ စွန့်ပေး မယ်ဆိုရင် သူ့ကို လစ်ဗျားနိုင်ငံထဲမှာ ဆက်နေနိုင်ခွင့် ပေးမဲ့ အပေးအယူ သဘောတူချက် တခု ကို သူတို့ စဉ်းစားကောင်း စဉ်းစားမယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အရိပ်အမြွက် ပြောခဲ့ ပါတယ်။

လစ်ဗျား ပြဿနာကို သံတမန်နည်းနဲ့ ဖြေရှင်းဖို့ ဆက်ကြိုးပမ်းဆဲ ဖြစ်ပါတယ်။

ဒါပေမဲ့ ဗိုလ်မှူးကြီး ကဒါဖီကို ဖမ်းဆီးဖို့ ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးက ထုတ်ပြန်ထား တဲ့ ဖမ်းဝရမ်းနဲ့ ပတ်သက်လို့တော့ ပြဿနာတွေ ပေါ်လာနိုင်ဘွယ် ရှိတယ်လို့ သတင်း ထောက်တွေက ပြောပါတယ်။