မဲဆောက်က ကေအင်ယူခေါင်းဆောင်တွေကို ဖယ်မယ်လို့ ထိုင်းပြော

  • 25 ဇူလိုင် 2011
Image caption ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့

ထိုင်း မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေ၊ မဲဆောက်မှာ လာခိုအောင်းနေတဲ့ မြန်မာနိုင်ငံမှာ ဗုံးဖေါက်ခွဲခဲ့တဲ့ တရားခံတွေနဲ့၊ မဲဆောက်မှာ နေထိုင်တဲ့ ကေအင်ယူ ခေါင်းဆောင်တွေကို ဖယ်ရှားရေး ဆောင်ရွက်သွားမယ်လို့ တာခ်ခရိုင်အုပ်ချုပ်ရေးမှူးက ဒီနေ့ မဲဆောက်မှာ သတင်းထောက်တွေကိုပြောခဲ့ပါတယ်။:

မြန်မာအစိုးရက၊ဒုက္ခသည်စခန်းတွေကို လူမျိုးစုလက်နက်ကိုင်တွေရဲ့ခိုနားရာစခန်းလို့မြင်ပြီး ဖယ်ရှားပေးဖို့ ထိုင်းအစိုးရကို ပြောခဲ့သလို ၊မဲဆောက်မှာနေထိုင်တဲ့၊ ကေအင်ယူလူကြီးတွေရဲ့နာမည်နဲ့အိမ်လိပ်စာတွေကို မြန်မာဖက်ကပေးပြီး ဖယ်ရှားပေးဖို့တောင်းဆိုလာတဲ့အတွက် နှစ်နိုင်ငံ ချစ်ကြည်ရေးပိုကောင်းအောင်နဲ့ မြန်မာဖက်ကပိတ်ထားတဲ့၊ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို ပြန်ဖွင့်ပေးနိုင်ရေးအတွက် ဒီလို ဖယ်ရှားဖို့ ဆောင်ရွက်တာလို့ ပြောပါတယ်။

ဓာတ်ပုံ မူပိုင် BBC Burmese
Image caption ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည်စခန်းတခု

မြန်မာဖက်က ဒီလိုတောင်းဆိုမှုတွေကို အရင်ထိုင်းအစိုးရအဆက်ဆက်မှာလည်း တောင်းဆိုခဲ့ဘူးပါတယ်။ ဒါပေမဲ့ အဲဒီတုံးကအနောက်နိုင်ငံတွေက၊ ထိုင်းနယ်စပ်ကဒုက္ခသည်စခန်းတွေနဲ့ မြန်မာအတိုက်အခံတွေ အပေါ်ထားတဲ့မူဝါဒတွေကြောင့်၊ ထိုင်းအစိုးရအဆက်အဆက်က အနောက်နိုင်ငံတွေကို မလွန်ဆန်နိုင်တဲ့အတွက် ပြတ်ပြတ်သားသားကိုင်တွယ်နိုင်ခဲ့ခြင်းမရှိပါဘူး။

အခုတကြိမ် မြန်မာဖက်ကတောင်းဆိုတဲ့အချိန်မှာတော့၊ အနောက်နိုင်ငံတွေကလည်း၊ ဒုက္ခသည်စခန်းတွေနဲ့မြန်မာအတိုက်အခံတွေအပေါ် အထောက်အပံ့တွေ လျော့လာတာနဲ့ ၊ ထိုင်း နိုင်ငံမှာ၊စီးပွားရေးအကြပ်အတည်းပေါ် အခြေခံပြီးဖြစ်တဲ့၊ ရာဇ၀တ်မှု၊ လူမှုရေးပြသနာစတာတွေပိုဖြစ်လာနေတဲ့ အချိန်ဖြစ်နေပါတယ်။

ဒါကြောင့်၊ထိုင်းအာဏာပိုင်တွေဟာ ၊မြန်မာအစိုးရနဲ့ပိုမိုရင်းနှီးမှုရအောင်၊ မြန်မာအစိုးရတောင်းဆိုတာတွေကို ဆောင်ရွက်ပေးသွားနိုင်တယ်လို့ နယ်စပ်က၊ အကဲခတ်တွေကပြောပါတယ်။

ကေအင်ယူဖက်အပြော

ကေအင်ယူ ဒုတိယဥက္ကဌ ဖဒို ဒေးဗစ်တာကပေါကတော့ မဲဆောက်မှာ ကေအင်ယူခေါင်းဆောင်တွေ နေထိုင်ခြင်းမရှိဘဲ ကိုယ်နယ်မြေမှာ ကိုယ်နေထိုင်ကြပြီး မဲဆောက်မှာ စစ်ရေး နိုင်ငံရေး လှုပ်ရှားမှုတွေ မလုပ်ဘူးလို့ ဘီဘီစီကို ပြောပါတယ်။၊

တည်ငြိမ်မှုမရှိတဲ့ ငြိမ်းချမ်းမှုမရှိတဲ့ ပြည်တွင်းကို ဒုက္ခသည်တွေကို အတင်းအဓမ္မ ပြန်မောင်းထုတ်တာမျိုးကို ဒီမိုကရေဒီနိုင်ငံတွေမှာ လုပ်လေ့မရှိဘူးလို့ သူကပြောဆိုပြီး ထိုင်းအစိုးရအနေနဲ့ ပြောလေ့ရှိပေမဲ့ လုပ်လေ့မရှိဘူးလို့ ဆိုပါတယ်။

အတင်းအဓမ္မဖယ်ရှားတာမျိုး လုပ်လာရင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ကြီးကြပ်မှုကို တောင်းခံရမှာဖြစ်တယ်လို့ ပြောပါတယ်။