သေဆုံးသူတွေအတွက် အောက်မေ့ အခမ်းအနားတွေ ကျင်းပ

  • 26 ဇူလိုင် 2011
norway ဓာတ်ပုံ မူပိုင် Reuters
Image caption တိုက်ခိုက်မှုတွေကို သူလုပ်ခဲ့တာလို့ Anders Behring Breivik က တရားရုံးမှာ ထွက်ဆို

နော်ဝေ နိုင်ငံမှာ သောကြာနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေ အတွင်း သေဆုံးခဲ့ရသူ ၇၆ဦး ကို အောက်မေ့ သတိရတဲ့ အနေနဲ့ နိုင်ငံတဝှမ်းလုံးက မြို့ကြီး မြို့ငယ်တွေမှာ ဖယောင်းတိုင်တွေ ထွန်းပြီး ဝတ်ပြု ဆုတောင်းခဲ့ကြပါတယ်။

လူအများအပြားဟာ ပန်းစည်းတွေ ကိုင်ဆောင် ထားကြပြီး ဓမ္မတေးတွေ သီဆိုခဲ့ကြသလို တဦး နဲ့ တဦး ပွေ့ဖက် နှစ်သိမ့်ခဲ့ကြပါတယ်။

ဒီတိုက်ခိုက်မှုတွေကို လုပ်ခဲ့တယ်ဆိုတဲ့ Anders Behring Breivik က သူဟာ နောက်ထပ် ကလပ်စည်း အဖွဲ့နှစ်ခုနဲ့အတူ ကွန်ယက်တခုမှာ ပါဝင် ပတ်သက်နေတယ် လို့ မနေ့က လုပ်ခဲ့တဲ့ ရုံးတင် စစ်ဆေးမှု အတွင်း ထွက်ဆိုခဲ့တဲ့အတွက် ဒီတိုက်ခိုက်မှုဟာ ပိုကျယ်ပြန့် အကွက်ချ ကြံစည်မှုတခု ဖြစ်နိုင်သလားဆိုတာကို နော်ဝေ ရဲတွေက အခုအခါ စုံစမ်း စစ်ဆေး နေပါတယ်။

မစ္စတာ Breivik က ဒီတိုက်ခိုက်မှုတွေကို သူလုပ်ခဲ့တာလို့ ထွက်ဆိုသွားပါတယ်။

ဒါပေမဲ့ အကြမ်းဖက်မှု စွဲချက်တွေအတွက်တော့ အပြစ်မရှိဘူး ဆိုပြီး လျှောက်လဲသွား ပါတယ်။

နော်ဝေ နိုင်ငံထဲ နိုင်ငံခြားသား အများအပြား လာရောက် ရွှေ့ပြောင်း နေထိုင်ခွင့် ပြုခဲ့တဲ့ လက်ရှိ လေဘာ အစိုးရကို အပြစ်ပေးချင်တဲ့ အတွက် အခုလို လုပ်ခဲ့တာလို့ သူက ထွက်ဆို သွားပါတယ်။

ပြင်သစ်နိုင်ငံမှာ နေထိုင်နေတဲ့ သူ့ဖခင် Jens Breivik က သူ့သားရဲ့ လုပ်ရပ်ကြောင့် သူ အရှက်ကြီး ရှက်မိတယ်လို့ ပြောပါတယ်။

တခါ နော်ဝေ ဝန်ကြီးချုပ် Jens Stoltenberg က ဒီတိုက်ခိုက်မှုတွေကြောင့် နော်ဝေနိုင်ငံဟာ အပြောင်းလဲကြီး ပြောင်းလဲသွားလိမ့်မယ်လို့ သူထင်ကြောင်း၊ ဒါပေမဲ့ လည်း ပွင့်လင်းပြီး ဒီမိုကရေစီကျတဲ့ လူမှု အသိုင်းအဝိုင်း တခုအဖြစ် ဆက်ရှိနေမှာ ဖြစ်ကြောင်း ဘီဘီစီကို ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း သေဆုံးသွားသူတွေ၊ ဒဏ်ရာရခဲ့သူတွေ အတော်များများနဲ့ လူချင်း သိခဲ့ကြောင်း၊ တကယ်တမ်းဆိုရင် တိုက်ခိုက်မှုတွေ ဖြစ်ပြီး နောက်တရက်မှာ အဲဒီ လေဘာ ပါတီ လူငယ် စခန်းမှာ သူစကားပြောဖို့ စီစဉ်ထားတာ ဖြစ်ကြောင်း ပြောပြပါတယ်။

နော်ဝေး လုံခြုံရေး တပ်ဖွဲ့တွေအနေနဲ့ ဒီဖြစ်ရပ်တွေကို ဒါ့ထက် ပိုကောင်းကောင်း ကိုင်တွယ် ဖြေရှင်းနိုင်ခဲ့ဖွယ် ရှိသလားဆိုတဲ့ မေးခွန်းကိုတော့ မစ္စတာ Stoltenberg က ဘယ်လူမှု အသိုင်းအဝိုင်းကမှ အကြမ်းဖက်မှု လုပ်ရပ်တွေကို ရာနှုန်းပြည့် ကာကွယ်နိုင်မှာ မဟုတ်ဘူး လို့ ပြောသွားပါတယ်။