နော်ဝေက အကြမ်းဖက်မှုတရားခံကို ရုံးထုတ်

  • 25 ဇူလိုင် 2011
Norway ဓာတ်ပုံ မူပိုင် Reuters
Image caption ပစ်ခတ်မှု အသေးစိတ် ပြောမယ်လို့ ဆိုတဲ့ ဘရီဗစ်ခ်

နော်ဝေနိုင်ငံမှာ ပြီးခဲ့တဲ့ သောကြာနေ့ တုန်းက ဗုံးဖေါက်ခွဲမှုနဲ့ သေနတ်ပစ်ခတ် မှုတွေ လုပ်ပြီး လူတစ်ရာ နီးပါးကို သေကြေ စေခဲ့သူအဖြစ် စွပ်စွဲခံထားရတဲ Anders Behring Breivik ကို မြို့တော် အော်စလိုက တရားရုံး တစ်ခုမှာ ရုံးထုတ်ခဲ့ ပါတယ်။

မစ္စတာ ဘရစ်ဗစ်ခ်ရဲ့ လက်ယာ အစွန်းရောက် အမြင်တွေ ကြောင့် လူထု လာရောက် နား ထောင်ခွင့်ကို တရား သူကြီးက ငြင်းဆိုခဲ့ပြီး တံခါးပိတ် ကြားနာမှုသာ ပြုလုပ်ခဲ့ ပါတယ်။

မစ္စတာ ဘရစ်ဗစ်ခ်ဟာ အော်စလိုမြို့က ဗုံးဖောက်ခွဲမှုနဲ့ အော်စလိုအနီး ကျွန်းပေါ်မှာ လူ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့မှုတွေကို သူလုပ်ခဲ့တာလို့ ဝန်ခံခဲ့ကြောင်း သူ့ရဲ့ ရှေ့နေက ပြောပါတယ်။

နောက်ပြီး ဒီလို သတ်ဖြတ်မှုဟာ ရက်စက် ကြမ်းကြုတ်မှု ဖြစ်ပေမယ့် လိုအပ်လို့ သတ်ရတာ ဖြစ်ကြောင်း မစ္စတာ ဘရစ်ဗစ်ခ်က ပြောတယ်လို့ သူရဲ့ ရှေ့နေက ပြန်ပြောပြပါတယ်။

ဝမ်းနည်းခြင်းအထိမ်းအမှတ်တွေ ဆက်လုပ်

ဓာတ်ပုံ မူပိုင် AFP
Image caption ဝမ်းနည်းခြင်း ပန်းခင်း

တချိန်တည်းမှာပဲ နော်ဝင်နိုင်ငံတွင်းက လူထုကလည်း သေဆုံးခဲ့ရ သူတွေအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် အဖြစ် တစ်မိနစ်တာ ငြိမ်သက်ခဲ့ကြပါတယ်။

အောစလိုမြို့က အဓိက တက္ကသိုလ် ကျောင်းဝင်း အပြင်ဘက်မှာ လုပ်တဲ့ အခမ်းအနားမှာ လူတွေ အားလုံးက တစ်မိနစ်တာ ဦးညွတ်ထားကြပါ တယ်။ ဒီပွဲကိုတော့ နော်ဝေ ဝန်ကြီးချုပ်နဲ့ နော်ဝေ ဘုရင်တို့က ဦးဆောင်ကြပြီး ဝမ်းနည်း ခြင်း မှတ်တမ်း စာအုပ်မှာလည်း သူတို့နှစ်ဦးက လက်မှတ် ရေးထိုးခဲ့ကြပါတယ်။

အော်စလိုမြို့နားက ကျွန်းပေါ်မှာ လက်ရှိ အာဏာရ လေဘာ ပါတီက ကျင်းပတဲ့ လူငယ် ညီလာခံ တစ်ခုအတွင်း ပစ်ခတ်မှုမှာ သေဆုံးသူ ၉၀ လောက်ထဲက အများစုဟာ ဆယ်ကျော် သက်တွေ ဖြစ်ပါတယ်။

တခြား နော်ဝေ အိမ်နီးချင်း နဲ့ ဒေသတွင်း နိုင်ငံတွေမှာလည်း အလားတူ ဝမ်းနည်းခြင်း အထိမ်းအမှတ် အခန်းအနားတွေ လုပ်ခဲ့ကြသလို နိုင်ငံတော် အလံတွေ ကိုလည်း တိုင်တစ်ဝက် ချထားခဲ့ကြပါတယ်။