သေနတ်သမား Breivik ရုံးတော်မှာ အစစ်ခံမယ်

  • 25 ဇူလိုင် 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption သေဆုံးသူတွေ အတွက် ဝမ်းနည်း ကြေကွဲနေကြ

နော်ဝေနိုင်ငံမှာ ပြီးခဲ့တဲ့ သောကြာနေ့တုန်းက ဗုံးပေါက်ကွဲမှုနဲ့ သေနတ် ပစ်ခတ်မှုတွေ ကြောင့် လူတရာနီးပါး သေဆုံးခဲ့ရတဲ့ အတွက် နိုင်ငံတလွှားက ဘုရားရှိခိုးကျောင်းတွေ မှာ ဝမ်းနည်းခြင်း အထိမ်းအမှတ် ဆုတောင်းပွဲတွေ ကျင်းပခဲ့ပါတယ်။

ဗုံးခွဲမှုနဲ့ သေနတ် ပစ်ခတ်မှုတွေ ကျူးလွန်ခဲ့တဲ့ Anders Behring Breivik ကို လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုနဲ့ တရားစွဲလိုက်ပြီလို့ ရဲက ပြောပြီး ဒီနေ့ တနင်္လာနေ့မှာ တရားရုံးမှာ သူကိုယ်တိုင် လာရောက် အစစ်ခံမယ်လို့ သိရပါတယ်။

အော်စလို မြို့နားက ကျွန်းပေါ်က ပစ်ခတ်မှုမှာ သေဆုံးသူ ၈၆ ယောက် ထဲက အများစုဟာ ဆယ်ကျော်သက်တွေ ဖြစ်ပြီး ဒီပစ်ခတ်မှုအတွက် မစ္စတာ ဘရီဗစ်ခ် က ဝန်ခံခဲ့ခဲ့ကြောင်း ရဲက ပြောပါတယ်။

အဲဒီ ပစ်ခတ်မှု မတိုင်ခင် အော်စလို မြို့ပေါ်မှာလည်း ကားဗုံးထောင် ဖောက်ခွဲ ခဲ့တာကြောင့် လူရယောက် သေဆုံးခဲ့ပါတယ်။

ဒီပစ်ခတ် ဖောက်ခွဲမှုတွေကို သူတယောက်တည်း ကြံစည် လုပ်ဆောင်တာ ဖြစ်တယ်လို့ ပြောကြောင်း ရဲက ဆိုပါတယ်။

သူ့အပြောအရ ဥရောပ တခွင်လုံးဟာ အစ္စလာမ် ကိုလိုနီ လက်အောက် ကျရောက် လာတာကြောင့် ဥရောပရဲ့ လူမျိုးစုံ အတူပူးတွဲ နေထိုင်ရေး ဝါဒဟာ အမျိုးသားရေး စိတ်ဓါတ်ကို ယိုင်နဲ့လာစေတယ်လို့ သူက ဒီတိုက်ခိုက်မှုတွေ မလုပ်ခင် ကြေညာချက် ထုတ်ခဲ့ကြောင်း သိရပါတယ်။