နော်ဝေသေနတ်သမား ဗြိတိန်က အစွန်းရောက် အဖွဲ့နဲ့ ဆက်စပ်မှုမရှိ

  • 26 ဇူလိုင် 2011
ဓာတ်ပုံ မူပိုင် AFP Getty Images
Image caption သေနတ်သမား Anders Behring Breivik

ပြီးခဲ့တဲ့ သောကြာနေ့တုန်းက နော်ဝေနိုင်ငံမှာ ဗုံးခွဲ သေနတ် ပစ်ခတ်မှုတွေ ရက်ရက် စက်စက် လုပ်ဆောင်ခဲ့တယ်လို့ စွပ်စွဲခံနေရတဲ့ Anders Behring Breivik ဟာ ဗြိတိန်က လက်ျာ ယိမ်း အစွန်းရောက် ဝါဒီ သမားတွေနဲ့ ဆက်စပ်နေတဲ့ အထောက်အထား မတွေ့ရဘူးလို့ ပြည်တွင်း ထောက်လှမ်းရေး အဖွဲ့က ပြောပါတယ် ။

မစ္စတာ ဘရေဗစ်ဟာ လွန်ခဲ့တဲ့ ကိုးနှစ် လောက်တုန်းက အဲဒီလို အဖွဲ့တွေနဲ့ အဆက်အသွယ် ရှိခဲ့တာပါ။

ဒါပေမယ့် လူ ရ၆ ယောက် သေဆုံးခဲ့ရတဲ့ အော်စလို မြို့ပေါ်က ဗုံးပေါက်ကွဲမှုနဲ့ အနီးက ကျွန်းပေါ်က သေနတ် ပစ်ခတ်မှု တွေကို သူတယောက်တည်း ကြံစည် ကျူးလွန်ခဲ့တာလို့ ယုံကြည်ကြောင်း ထောက်လှမ်းရေး အကြီးအကဲ Janne Kristiansen က ပြောပါတယ်။

သူ့ရှေ့နေ ပြောသလို မစ္စတာ ဘရီဗစ်ခ်ဟာ စိတ်မနှံ့သူတယောက်လို့ မထင်ကြောင်း မစ္စ ခရစ်တီယံဆန်က ထပ်လောင်း ပြောကြားခဲ့ပါတယ်။

ဒီအတောအတွင်းမှာဘဲ သေဆုံးသူ ရ၆ ယောက်ရဲ့ အမည်တွေကို ရဲက ထုတ်ပြန်လိုက် ပါတယ်။

Utoya အူတိုရာ ကျွန်းပေါ်မှာ ပစ်ခတ်မှု ဖြစ်နေတာကို သတင်းရပြီး တော်တော်ကြာမှ ရဲက ရောက်သွားခဲ့တယ် ဆိုတဲ့ ဝေဖန် ပြောကြားမှု တွေကို ရဲက တုန့်ပြန် ဖြေကြားရာမှာ အော်စလိုက ရဲတပ်ဖွဲ့မှာ ရဟတ်ယာဉ် တစင်းဘဲ ရှိပြီး ရဟတ်ယာဉ် မောင်းသမား တွေကလည်း အားလပ်ရက် အနားယူချိန် ဖြစ်နေတယ် ၊ ဒါပေမယ့် ရဲတပ်ဖွဲ့အတွင်း ရဟတ်ယာဉ် သုံးနိုင်တဲ့ အခြေအနေ တိုးတက်လာအောင် ရဲ တပ်ဖွဲ့ အကြီးအကဲတွေနဲ့ နော်ဝေ အစိုးရက ဆောင်ရွက် ပေးလိမ့်မယ်လို့ ဆိုပါတယ်။

နော်ဝေနိုင်ငံရဲ့ ပြည်တွင်း ထောက်လှမ်းရေးအကြီးအကဲက ဘီဘီစီကို ပြောရာမှာ ပြီးခဲ့တဲ့ သောကြာနေ့က လူ အနည်းဆုံး ၇၆ ယောက်ကို သတ်ဖြတ်ခဲ့တဲ့ မစ္စတာ အန်ဒါစ် ဘာရင်း ဘရေဗစ်ခ်ဟာ အုပ်စု ကွန်ယက်တွေနဲ့ ချိတ်ဆက် လုပ်ဆောင်တာထက် သူတစ်ဦးတည်းပဲ ကြံစည် လုပ်ဆောင်ခဲ့ ပုံရတယ်လို့ ပြောပါတယ်။

Image caption ထောက်လှမ်းရေး အကြီးအကဲ Janne Kristiansen

လက်ယာစွန်း အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက် လုပ်ဆောင်ခဲ့တယ် ဆိုတာ ပြသနိုင်တဲ့ အထောက်အထား မတွေ့ရဘူးလို့ မစ္စ ဂျိန်း ခရစ်တီယန်ဆန် က ပြောပါတယ်။

နော်ဝေ ပြည်တွင်း ထောက်လှမ်းရေး အဖွဲ့ကနေ အခု လက်ရှိ အဓိက စုံစမ်း စစ်ဆေး နေတာ ကတော့ ဘရေဗစ်ခ်ပြောတဲ့ သူဟာ နော်ဝေးနိုင်ငံနဲ့ တခြားပြည်ပက လက်ယာ အစွန်းရောက်အဖွဲ့တွေနဲ့ ချိန်ဆက်လှုပ်ရှားခဲ့တယ်ဆိုတာ တကယ်တမ်း ဟုတ်မဟုတ်ဆိုတာကို စုံစမ်း စစ်ဆေး နေတာဖြစ်ပါတယ်။

ဘရေဗစ်ခ် ကိုယ်တိုင် ကတော့ သူဟာ လွန်ခဲ့တဲ့ ၉ နှစ်က ဗြိတိန်က အစည်းအဝေးတွေကို တက်ခဲ့တယ်၊ နောက်ပြီး ပြီးခဲ့တဲ့နှစ်ကလည်း လက်ယာ အစွန်းရောက် English Defence Leage ရဲ့ဆန္ဒပြ လှုပ်ရှားမှုမှာ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် နော်ဝေ လုံခြုံရေး အဖွဲ့တွေကတော့ ဒါကို ယုံကြည်ပုံ မရပါဘဲ သူဟာ တခြားအဖွဲ့အစည်းတွေနဲ့ ဆက်သွယ် လုပ်ဆောင်ခဲ့ရင် လုံခြုံရေး အဖွဲ့တွေဟာ သူ့ကို နဂိုကတည်းက သတိထားမိ နိုင်ခဲ့မယ်လို့ ပြောပါတယ်။

နောက်ပြီး ဘရေဗစ်ခ်ဟာ စိတ်ရောဂါရှိသူ ဖြစ်နိုင်တယ်လို့ သူ့ရဲ့ ရှေ့နေက ပြောတာကို ထောက်လှမ်းရေး အကြီးအကဲ မစ္စ ခရစ်တီယန်ဆန်က မထင်ဘူး လို့ ဆိုပါတယ်။

သူဟာ စိတ်မနှံ့သူ တစ်ယောက်မဟုတ်ပဲ သေသေချာချာ တိတိကျကျ ကြိုတင်ပြင်ဆင်ပြီး လုပ်တတ်တဲ့ ကြမ်းကြုတ် ရက်စက်သူ တစ်ယောက် ၊ နောက်ပြီး လူတွေရဲ့ အာရုံစိုက်မှုကို လိုလားနေသူ တစ်ဦးလို့ ပြောပါတယ်။

တစ်ဘက်မှာလည်း နော်ဝေက လုံခြုံရေးကို အကြီးအကျယ်ပြန်လည် သုံးသပ်ဖို့ လိုနေပြီ လို့လည်း မစ္စ ခရစ်တီယန်ဆန်က ပြောပါတယ်။

ဒါပေမယ့်လည်း လုံခြုံရေးကို တင်းတင်းကျပ်ကျပ် သိပ်လုပ်လွန်းရင်လည်း အရှေ့ဥရောပက ကွန်မြူနစ် နိုင်ငံတွေနဲ့ နော်ဝေဟာ ဘာမှ မခြားမလို ဖြစ်သွားမှာမို့ အဲဒီလိုတော့လည်း မလုပ်သင့်ဘူးလို့ နော်ဝေ ပြည်တွင်း ထောက်လှမ်းရေး အကြီးအကဲ မစ္စ ဂျိန်း ခရစ်တီယန်ဆန်က ဘီဘီစီကို ပြောပါတယ်။