အာဖဂန်တိုက်ခိုက်မှုတွေမှာ ဘီဘီစီသတင်းထောက်သေဆုံး

  • 28 ဇူလိုင် 2011
Image caption စျေးကြီးတခုမှာလည်း လုံခြုံးရေးတပ်ဖွဲ့တွေနဲ့ စစ်သွေးကြွတွေ အပြင်းအထန် တိုက်ခိုက်ခဲ့

အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်း ဥရူဇ်ဂန်း ပြည်နယ်ရဲ့ မြို့တော် တရင်းကို့တ်မှာ စစ်သွေးကြွတွေရဲ့ အသေခံဗုံးခွဲ တိုက်ခိုက်မှု တွေကြောင့် လူပေါင်း ၂၀ ကျော် သေဆုံး သွားပါတယ်။

ဗုံးတလုံးဟာ ပြည်နယ် အုပ်ချပ်ရေးမှူးရုံးတွေ ရှိတဲ့ အပြင်ဘက်မှာ ပေါက်ကွဲခဲ့တာ ဖြစ်ပြီး၊ နောက်ဗုံးတလုံးကတော့ သြဇာရှိတဲ့ ဒေသခံ တပ်မှူးတဦး တည်တောင်ထားတဲ့ လုံခြုံရေး ကုမ္ပဏီ ရုံးထဲမှာ ပေါက်ကွဲခဲ့တာပါ။

စျေးကြီးတခုမှာ လုံခြုံးရေး တပ်ဖွဲ့တွေနဲ့ စစ်သွေးကြွတွေအကြား ပြင်းထန်တဲ့ တိုက်ခိုက်မှု တွေ ဖြစ်ပွားခဲ့ပြီးနောက် အခုလို ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တာပါ။

တာလီဘန်တွေကတော့ အခုတိုက်ခိုက်မှုတွေကို သူတို့လုပ်ခဲ့တာလို့ ပြောပေမယ့် တခြား လွပ်လပ်တဲ့ အတည်ပြုချက်တော့ မရရှိပါဘူး။

အခုလို ဥရူဇ်ဂန်းပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေ အတွင်း ဘီဘီစီ သတင်းထောက် ဖြစ်သူ အာမတ်အိုမစ် ပိုလဝက်လည်း ပစ်သတ် ခံလိုက်ရပါတယ်။

ဓာတ်ပုံ မူပိုင် BBC World Service
Image caption အာမတ်ဟာ အားထားရတဲ့ လုပ်ဖေါ်ကိုင်ဖက် တဦး ဖြစ်တယ်လို့ ဘီဘီစီက ပြောပါတယ်

အသက် ၂၅ နှစ်အရွယ် သတင်းထောက် အာမတ်ဟာ ပြီးခဲ့တဲ့ ၃ နှစ်ကတည်းက ဘီဘီစီ ပက်ရှ်တိုဌာန အတွက် ပုံမှန် သတင်းရယူမှုတွေ ပြုလုပ်ပေး နေခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင်သူဟာ ပက်ရှ်ဝုတ်ခ် သတင်း အေဂျင်စီ အတွက်လည်း အလုပ်လုပ်နေသူ ဖြစ်ပြီး၊ ဒေသတွင်း ရေဒီရေတခုမှာလည်း အစီအစဉ်တွေ တင်ပြသူ တဦးဖြစ်ပါတယ်။

သေနတ်သမားတွေက အဲဒီဒေသက တီဗီနဲ့ ရေဒီယိုဌာနရုံးကို ဝင်စီးချိန်မှာ သူဟာ အဲဒီ အထဲမှာ အလုပ်လုပ်နေတာ ဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။

အာမတ်ဟာ အလွန် အားထားရတဲ့ လုပ်ဖေါ်ကိုင်ဖက် တဦးဖြစ်တယ်လို့ ဘီဘီစီက ဖေါ်ပြ ပြောဆိုပါတယ်။