တရုတ်ရထားတိုက်မှု အချက်ပြစနစ် ချို့ယွင်းမှုကြောင့်ဖြစ်

  • 28 ဇူလိုင် 2011
ဓာတ်ပုံ မူပိုင် AP
Image caption မြန်နှုန်းမြင့် မီးရထား ကွန်ယက် စီမံကိန်းကြီး စတင်ခဲ့ပြီး လေးနှစ်အကြာမှာ အခုလိုဖြစ်ခဲ့

တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့အပတ်က အနည်း ဆုံး လူ ၃၉ သေဆုံးခဲ့တဲ့ အမြန်ရထား တိုက်မှု ဟာ အချက်ပြစနစ် ချို့ယွင်းမှု ကြောင့် ဖြစ်တယ်လို့ တာဝန်ရှိအရာရှိ တွေက ပြောပါတယ်။

အချက်ပြမီးစနစ်ကို မိုးကြိုးပစ်ခဲ့ ပြီး နောက်မှာ အချက်ပြမီးဟာ နီရမယ့်အစား မနီပဲ စိမ်းနေခဲ့ လို့ ရထား နှစ်စီးတိုက်ခဲ့တာလို့ ဆိုပါတယ်။ အခုအဖြစ်အပျက်ဟာ မြန်နှုန်းမြင့် မီးရထား ကွန်ယက် စီမံကိန်းကြီး စတင်ခဲ့ပြီး လေးနှစ် အကြာမှာ ဖြစ်ပွားခဲ့တာပါ။

တရုတ်နိုင်ငံက ကမ္ဘာမှာ အရှည်လျားဆုံးနဲ့ အမြန်ဆုံး မြန်နှုန်းမြင့် မီးရထား ကွန်ယက်ကြီး ကို အချိန်တို အတွင်းမှာ စံချိန်တင်လောက်အောင် တက်သုတ် ရိုက်ဆောင်ရွက်ခဲ့ စဉ်က မီးရထား လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူတွေက ဘေးအန္တရာယ် ကင်းရှင်းရေး အတွက် အားနည်း ချို့ယွင်းချက်တွေ ဖြစ်နိုင်တယ်ဆိုပြီး သတိပေးခဲ့ဖူးပါတယ်။

ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှု အပိုင်းမှာ အားနည်းတဲ့ အတွက် တကယ်တန်း ဘာ့ကြောင့် ဆိုတာ တိတိကျကျ သိဖို့ကတော့ ခက်တယ်လို့ ဝမ်ဂျောင်းမှာ ရောက်နေတဲ့ ဘီဘီစီ သတင်း ထောက် မာတင်ပေးရှန့်က ပြောပါတယ်။

ဖြစ်နိုင်တာကတော့ ဆောက်လုပ်ရေးလုပ်ငန်း တွေကို သိပ်မြန်မြန်ဆန်ဆန်ပြီးအောင် တွန်းလုပ်ခဲ့လို့ လုံခြုံရေးအပိုင်း စနစ်ကျမှု အပိုင်းမှာ အားနည်း ချို့ယွင်းသွားတာ ဖြစ်ပါတယ်။

ရထားတိုက်ခဲ့တဲ့ နေရာကို ကိုယ်တိုင် သွားရောက် ကြည့်ရှုခဲ့တဲ့ တရုတ် ဝန်ကြီးချုပ် ဝမ်ကြာဘောင်းက အဂတိလိုက်စားမှုကြောင့် အခုလို ဖြစ်ခဲ့ရတာဆိုရင်တော့ သက်ဆိုင်သူ တွေကို ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ပေးမယ်လို့ ကတိပေးပြောကြားသွားပါတယ်။

ရထားလမ်းတည်ဆောက်မှုတွေ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်မှုတွေဟာ အများပြည်သူ အကျိုးအတွက် ဖြစ်ဖို့ အရေးကြီးတယ်ဆိုတာကိုလည်း သူကဆိုပါတယ်။ အရေးကြီးဆုံး အချက်ဟာ လူတွေရဲ့ အသက် လုံခြုံ ဘေးကင်းဖို့ပါပဲလို့ သူကပြောပါတယ်။

ဓာတ်ပုံ မူပိုင် BBC World Service
Image caption အရေးကြီးဆုံးကတော့ လူတွေရဲ့ အသက် လုံခြုံ ဘေးကင်း ဖို့ပါပဲ

ဒီအဖြစ်အပျက်ကြောင့် တည်ဆောက်မှုတွေနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေဟာ ပြည်သူ့အတွက် အကျိုးရှိရမယ်ဆိုတဲ့ အချက်ကို ပိုပြီး ရှင်းရှင်း လင်းလင်း သဘောပေါက်လာပါတယ်။

ဒါပေမဲ့ အများပြည်သူတွေကတော့ ဒီဖြစ်ရပ် အပေါ်မှာ မကျေမနပ် ဒေါသထွက်နေကြ ပါတယ်။ အင်တာနက်ပေါ်မှာ ဒီအကြောင်းကို ပြောဆိုဝေဖန်ကြတာကိုလည်း တော်တော် များများ တွေ့ရပါတယ်။ အဖြစ်မှန်ကို ဖုံးဖိ ထားတယ်လို့လည်း ယူဆကြပါတယ်။

ကွန်မြူနစ်ပါတီရဲ့ အာဘော်ဖြစ်တဲ့ ပြည်သူ့နေ့စဉ် သတင်းစာကတောင် တရုတ်နိုင်ငံမှာ သွေးနဲ့ လိမ်းကျံတဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မလိုအပ်ဘူးလို့ ရေးသားခဲ့ကြောင်း တင်ပြ လိုက်ရပါတယ်။