အမေရိကန် ကြွေးကိစ္စ တရုတ်ဝေဖန်

  • 29 ဇူလိုင် 2011
အမေရိကန် ကြွေးမြီပြဇယား ဓာတ်ပုံ မူပိုင် AFP
Image caption အမေရိကန် ကြွေးမြီပြဇယား

အမေရိကန်နိုင်ငံမှာ နိုင်ငံရေးသမားတွေရဲ့ ကြွေးမြီအရေး ဆောင်ရွက်ချက်တွေဟာ ကမ္ဘာ့စီးပွားရေး တခုလုံးနဲ့ ပတ်သက် နေတာမို့ အခုတော့ တရုတ်နိုင်ငံကပါ ပြောဆို တာမျိုးတွေ ရှိလာခဲ့ပါပြီ။

တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနရဲ့ အယ်ဒီတာထင်မြင်ချက်မှာ ကြွေးမြီကိစ္စနဲ့ ပတ်သက်ပြီး အခြေအတင် ပြောဆို ဆောင်ရွက်နေကြတဲ့ အမေရိကန် နိုင်ငံရေးသမား တွေကို တာဝန်မဲ့ကြတဲ့ အန္တရာယ် ပုဂ္ဂိုလ်တွေလို့ ပြင်းပြင်းထန်ထန် ရေးပါတယ်။

တရုတ်အစိုးရကတော့ အမေရိကန်လက်ရှိကြွေးမြီတွေကို ရှင်းထုတ်ပစ်ဖို့ တရားဝင် ပြောတာမျိုး မဟုတ်ပေမယ့် အမေရိကန်အတွက်တော့ ကွန်ဂရက်မှာ လာမယ့် အင်္ဂါနေ့ အကြိတ်အနယ် ဆွေးနွေးရမယ့် သဘောရှိပါတယ်။

အမေရိကန်အစိုးရကတော့ လက်ရှိကြွေးမြီထက်ပိုများတဲ့ငွေကြေး ကို အစိုးရအနေနဲ့ စိုက်ထုတ်သုံးစွဲ လိုကြပါတယ်။ အမေရိကန် ကြွေးမြီကိစ္စက ကမ္ဘာ့စီးပွားရေးမှာ ဘာကြောင့်အရေးကြီး နေတာလဲ၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF အကြီးအကဲ Christine Lagarde က '' ကမ္ဘာ့လုံးဆိုင်ရာစီးပွားရေးဟာ အမေရိကန်စီးပွားရေးပေါ်မှာ အကြီးအကျယ် မူတည်နေတယ်ဆိုတာကတော့ ရှင်းပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အမေရိကန် ကမ္ဘာ့စီးပွားရေး အဖွံ့ဖြိုးဆုံးနံပါတ်တစ်နိုင်ငံဖြစ်နေပြီး ကဏ္ဍမှာတိုင်းမှာလိုလို အင်အားကြီးနေပါတယ်။ ဒီတော့ ထိပ်တန်းနိုင်ငံက ကြွေးမြီကြောင့် စီးပွားရေးအကျပ် ဆိုက်နေပြီဆိုတာ သိပ်စိတ်ပူဖို့ ကောင်းပါတယ် '' လို့ IMF အကြီးအကဲက ပြောပါတယ်။

ဒီကြွေးမြီကိစ္စကို အမေရိကန်ကွန်ဂရက်မှာ နိုင်ငံရေးသမားတွေက မရှင်းနိုင်သေးတော့ ပြည်သူတွေကလည်း စိတ်ညစ်နေကြပါတယ်၊ အတိုက်အခံ ရီပါဘလီကန်တွေဆိုရင် ကြွေးမြီနဲ့ ပတ်သက်တဲ့ပါတီမူဝါဒကို ပါတီဝင်အမတ်တွေက လက်မခံနိုင်ဖြစ်နေကြပါတယ်။

ဒီလိုတွေ ဖြစ်နေတဲ့ အချိန်မှာ ကမ္ဘာ့စီးပွားရေး နံပါတ်နှစ် တရုတ်က အမေရိကန်ဟာ အခုလို နိုင်ငံရေးချောက်ကမ်းပါးစွန်းကျအောင်လုပ်တဲ့လုပ်ရပ်မျိုး ကတော့ အလွန်ကို အန္တရာယ်များ တယ်၊ ဒီလို လက်လွတ်စပယ် လုပ်နေရင် အမေရိကန်တနိုင်ငံတည်း ထိမှာမဟုတ်ဘူး၊ တကမ္ဘာလုံး ဒုက္ခရောက်မှာလို့ တရုတ်က ပြတ်ပြတ်သားသား ဝင်ပြောတာဖြစ်ပါတယ်။