နော်ဝေးမှာ သေဆုံးခဲ့သူတွေအတွက် အသုဘကျင်းပ

  • 29 ဇူလိုင် 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption ဝမ်းနည်းခြင်း အခမ်းအနားတွေကို နိုင်ငံ တဝှမ်း ကျင်းပနေပါတယ်

နော်ဝေနိုင်ငံမှာ လူပေါင်း ၇၆ ဦး သေဆုံး ခဲ့ရတဲ့ တိုက်ခိုက်မှုတွေဖြစ်ပြီး တပတ် အကြာ ဒီကနေ့ မှာတော့ သေဆုံးသွားခဲ့သူ တွေအတွက် ပထမ ဦးဆုံး အသုဘ အခမ်းအနားတွေကို ကျင်းပနေ ပါတယ်။

အခုလို အောက်မေ့ဖွယ် ဝမ်းနည်းခြင်း အခမ်း အနား အတော်များများကို နိုင်ငံတဝှမ်း ကျင်းပ နေကြပြီး၊ အလံတွေကိုလည်း တိုင်ဝက် လွှင့်ထူ ထားပါတယ်။

ဝန်ကြီးချုပ် ယန်းစ် စတို့တန်ဘာ့ ဦးဆောင်တဲ့ အခမ်းအနားတခုမှာတော့ တမိနစ် ငြိမ်သက် ခဲ့ ကြပါတယ်။

အဲဒီနောက် ဝန်ကြီးချုပ်က နော်ဝေနိုင်ငံရဲ့ ဒီမိုကရေစီရေး တန်ဖိုး ထားမှု တွေကို ပိုမို အားကောင်းလာအောင် လုပ်ခြင်းဟာ သေဆုံးသွားသူတွေ အတွက် အကောင်းဆုံး အမှတ်ရခြင်း ပါပဲလို့ တက်ရောက်သူတွေကို ပြောကြားသွားပါတယ်။

တိုက်ခိုက်မှုတွေကို လုပ်ခဲ့တဲ့ အန်ဒါးစ် ဘဲရင်း ဘရီဗစ်ကိုတော့ ဒုတိယ အကြိမ် မေးမြန်း စစ်ဆေးမှုတွေ လုပ်နေပြီး လုံခြုံရေးကိုတော့ အထူး တင်းကျပ်ထားပါတယ်။

တရားခံ ဘရီဗစ်ခ်ရဲ့ ရှေ့နေကတော့ မစ္စတာ ဘရီဗစ်ခ်ဟာ ရူးသွပ်နေသူ တဦးဖြစ်တယ်လို့ ကြေညာ ပြောဆိုခဲ့ပြီဖြစ်ပြီး၊ စိတ်ရောဂါအထူးကု ဆရာဝန်တွေက သူ့ကို စမ်းသပ်မှုတွေ လုပ်နေပါတယ်။