အမေရိကန် အကြွေး လွှတ်တော်တွေ သဘောကွဲ

  • 30 ဇူလိုင် 2011
US debt ဓာတ်ပုံ မူပိုင် AFP
Image caption နယူးယောက်က ပြည်တွင်းအခွန်ရုံးမှာ တွေ့ရတဲ့ အကြွေးပမာဏ

အမေရိကန်မှာတော့ အစိုးရ အနေနဲ့ ထပ်ပြီး ချေးယူနိုင်တဲ့ အကြွေးပမာဏ ကန့်သတ်ထားချက်ကို တိုးပေးဖို့ အစိုးရရဲ့ တောင်းဆိုချက်ကို ကွနါဂရက် လွှတ်တော် အမတ်တွေက တညီတညာထဲ သဘောတူ ဆုံးဖြတ်မပေးနိုင်သေတဲ့ အတွက် မရေရာ မသေချာမှုတွေ နဲ့ အတူ စိုးရိမ်သောကတွေလဲ တိုးလာနေပါပြီ။

သောကြာနေ့ ညနေမှာပဲ ရီပတ်ဘလီကင်အမတ်တွေ အများစု လွှမ်းမိုးထားတဲ့ ကွန်ဂရက်လွှတ်တော်က အစိုးရ အကြွေးယူနိုင်တဲ့ ပမာဏကို နောက်ထပ် ဒေါ်လာ ဘီလီယံ ၉၀၀ တိုးမြှင့်ပေးဖို့ မဲခွဲ ဆုံးဖြတ်လိုက်ပါတယ်။

ရီပတ်ဘလီကင်တွေ တင်ပြတဲ့ အစီအစဉ်က အစိုးရ အသုံးစရိတ်တွေ အများကြီး ဖြတ်ရမဲ့ လုပ်ငန်းတွေလဲ ပါလို့ ဒီမိုကရက် အများစုရှိတဲ့ ဆီးနိတ် အထက်လွှတ်တော်ကတော့ ချက်ခြင်းဆိုသလိုပဲ ပယ်ချလိုက်ပါတယ်။

အစောပိုင်းကလေးကပဲ သမ္မတ အိုဘားမားကလဲ ထပ်ပြီး လွှတ်တော် အမတ်တွေ ပါတီ မျက်နှာကို မကြည့်ပဲ နိုင်ငံ မျက်နှာကို ကြည့်ပြီး အမြန်ဆုံး သဘောတူညီချက်တခု ချပေးပါလို့ မေတ္တာရပ်ခံခဲ့ ပြန်ပါတယ်။

ဒီမိုကရက်တွကတော့ ရီပတ်ဘလီကင်တွေဟာ သူတို့ အစိုးရ ဒုက္ခရောက်အောင် တမင် ကပ်နေကြတယ်လို့ စွပ်စွဲကြပါတယ်။

အစိုးရအနေနဲ့ သူတို့ ချေးနိုင်တဲ့ ပမာဏ ဒေါ်လာ ၁၄ ဒဿမ ၃ ထရီလီယံ မေလကပဲ ပြည့်သွားပါပြီ။ ဒါကြောင့်နောက်ထပ် တိုးပြီးချေးခွင့်ရဖို့ လိုနေပါတယ်၊ အစိုးရအနေနဲ့ လာမဲ့ အင်္ဂါနေ့ သြဂုတ်လ ၂ရက်နေ့နောက်ဆုံးထားပြီး သဘောတူညီချက်ရဖို့ လိုနေတာပါ။

Image caption အမေရိကန်ဒေါ်လာ တန်ဘိုးဆက်ကျနေချိန်မှာ သတင်းကောင်းတွေကလဲ ထွက်မလာ

သဘောတူညီချက်မရလို့ ငွေတွေမရရင် လာမဲ့ အပတ်ထဲမှာ ဘဏ္ဍာရေးဌာနက ဝန်ထမ်းတွေကို လစာပေးဖို့ ငွေထုတ်ပေးနိုင်မှာ မဟုတ်သလို၊ တသက်လုံးလိုလိုရထားတဲ့ အမေရိကန်ရဲ့ အကြွေးပြန်ဆပ်နိုင်စွမ်း အေသုံးလုံး အဆင့်ကလဲ ပြုတ်ကျ သွားနိုင်ပါတယ်။ အဲဒီလို ဖြစ်သွားရင်တော့ အမေရိကန်တွေ ကြွေးယူတဲ့ အခါ အတိုးနှုန်းပိုပေးရတော့မှာ ဖြစ်သလို၊ ချေးယူနိုင်စွမ်းလဲ လျော့နည်းသွားမှာပါ၊ စီးပွားရေးတခုလုံး ချက်ခြင်း ကမောက်ကမ ဖြစ်သွားမှာတော့ မဟုတ်ပေမဲ့ သိက္ခာကျမယ်၊ ပြီးတော့ ရေရှည်မှာတော့ အကျိုးဆက်တွေ ဆက်တိုက် ရှိလာနိုင်ပါတယ်။ အေသုံးလုံး အဆင့်ရှိတဲ့ အမေရိကန် အစိုးရ ငွေချေးစာချုပ်တွေ တန်ဖိုးထိုးကျမယ်။ နိုင်ငံခြားရင်းနှီးမြုပ်နှံသူတွေကလည်း အမေရိကန် ဘဏ်တွေက ငွေတွေ ပြန်ထုတ်နိုင်ပါတယ်။

ဒါကြောင့်ပဲ အမေရိကန် နိုင်ငံရေးသမားတွေကို ကမ္ဘာ့ ဘဏ်ဥက္ကဌ ရောဘတ် ဇိုးလစ်၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ ဥက္ကဌ ခရစ္စတင်း လာဂါ့တ်တို့အပါအဝင် ပညာရှင်တွေက သတိပေးနေကြတာပါ။

ဒီလိုအခြေအနေမှာပဲ ငြင်းခုံရင်း အချင်းချင်း လက်ညှိုးထိုးနေတဲ့ နိုင်ငံရေးသမားတွေကို သတိပေးလိုက်တဲ့ အချက်ကြီး ၂ ခုလဲ ထွက်လာပါတယ်။ ပထမတခုက တော့ ဒီနှစ် ဒုတိယ သုံးလပတ် အတွက် အမေရိကန် စီးပွားရေး တိုးတက်နှုန်းတွေကို ကုန်သွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အခါ အမေရိကန် စီးပွားရေးဟာ ၀ ဒဿမ ၃ ရာခိုင်နှုန်းပဲ တိုးခဲ့ပါတယ်။ မှန်းထားတာထက်လျော့့နေပါတယ်။ နောက်တခါ ဝေါလ်စထရိဒ် ငွေကြေးစျေးကွက်ကလဲ တနှစ်အတွင်း အဆိုးဆုံး အရှုံးကိန်းဂဏန်းတွေနဲ့ စျေးပိတ်သွားခဲ့ပါတယ်။

ကမ္ဘာ့အကြီးဆုံး စီးပွားရေးပိုင်ရှင် အမေရိကန်ဟာ အကြွေးတွေ မဆပ်နိုင်ပဲ ဖြစ်ခဲ့ရင် သူ့နိုင်ငံသားတွေသာမက တကမ္ဘာလုံးက စီးပွားရေးတွေ ငွေကြေးစျေးကွက်တွေကို သက်ရောက်မှုတွေ အကြီးအကျယ် ရှိလာမှာမို့ သက်ပြင်းတမမနဲ့ စောင့်ကြည့်နေသူတွေ အများကြီး ရှိနေကြပါတယ်။