အီရတ်နိုင်ငံမှာ အန္တရာယ် ပိုရှိလာနေ

  • 30 ဇူလိုင် 2011
ဓာတ်ပုံ မူပိုင် Getty
Image caption အီရတ်ဟာ အရင်နှစ်ထက် ပိုပြီး အန္တရာယ်ရှိ လာနေ တယ်လို့ မစ္စတာဘိုဝမ်က ပြောပါတယ်

အီရတ်နိုင်ငံမှာ အကြမ်းဖက်မှု တိုးပွားလာ နေ တာကို အမေရိကန် စစ်တပ်က လျှော့ ပေါ့ပြီး အကောင်းဖက်ကနေ ရှင်းလင်းချက် ပေးခဲ့တယ်လို့ အီရတ်နိုင်ငံဆိုင်ရာ အမေရိကန် ထိပ်တန်း အကြံပေး ပုဂ္ဂိုလ်က စွပ်စွဲလိုက်ပါတယ်။

အီရတ်နိုင်ငံ ပြန်လည်ထူထောင်ရေး အတွက် အမေရိကန် စစ်ဆေးရေးမှူး Stuart W Bowen Junior က အမေရိကန် စစ်သားတွေနဲ့ အီရတ် ခေါင်းဆောင်တွေ အသတ်ခံရမှု၊ နောက်ပြီး ဘဂ္ဂဒက်မြို့မှာ ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှု တွေဟာ တိုးပွားလာနေတယ်၊ ဒါကြောင့် အီရတ် ဟာ အရင်နှစ်ကထက် ပိုပြီး အန္တရာယ်ရှိ လာနေတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ဇွန်လကဆိုရင် အမေရိကန် တပ်ဖွဲ့ဝင် ၁၅ ဦး အသတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့လအနည်းငယ်အတွင်း အရင်လတွေထက်စာရင် အီရတ် အရာရှိတွေ ပိုပြီး လုပ်ကြံခံ ခဲ့ကြရပါတယ်။

အခုလို ထုတ်ဖေါ်ပြောဆိုချက်ဟာ အမေရိကန် စစ်တပ်ရဲ့ အပြုသဘောဆောင် အကဲဖြတ် ချက်နဲ့ ဆန့်ကျင်နေတယ်လို့ အဲဒီဒေသမှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

အီရတ်က လုံခြုံရေး အခြေအနေဟာ အလွန်တရာမှ အကောင်းဘက်ကို ပြောင်းလဲနေတယ် လို့ အမေရိကန်စစ်တပ်က အစီရင်ခံ ထားခဲ့တာ ဖြစ်ပါတယ်။