ဆီးရီးယား အစိုးရတပ်ဖွဲ့တွေ ဟန်းမားမြို့ကို ဝင်စီး

  • 31 ဇူလိုင် 2011
Image caption တင့်ကားတွေဟာ နေရာ အတော်များများ ကနေ ဟန်းမားမြို့ထဲကို ဝင်ရောက်ခဲ့တာဖြစ်

ဆီးရီးယားနိုင်ငံ ဟန်းမားမြို့ကို အစိုးရ စစ်တပ်က ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ အတွက် အနည်းဆုံး လူ ၈၀ ကျော် သေဆုံး သွား ပြီး၊ အများအပြား ဒဏ်ရာ ရရှိသွား တယ် လို့ ဆီးရီးယားက လာတဲ့ သတင်းတွေအရ သိရပါတယ်။

မနက်အရုဏ်တက် အချိန်မှာ တင့်ကားတွေဟာ ဆန္ဒပြသူတွေ ချထားတဲ့ အကာအရံတွေကို ထိုးခွဲပြီး နေရာ အတော်များများကနေ ဟန်းမားမြို့ထဲကို စတင် ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။

အစိုးရရဲ့ ကြေညာချက်ထဲမှာတော့ သေနတ်သမားတွေရဲ့ လက်ချက်နဲ့ စစ်သား ၅ ဦး သေဆုံးသွားတယ်လို့ ဆိုပါတယ်။ အဲဒီအထဲမှာ ဗိုလ်မှူးကြီး တဦးလည်း ပါတယ်လို့ ပြောပါတယ်။

နောက်ပြီး လက်နက်ကိုင်အုပ်စုတွေဟာ ရဲစခန်းတွေနဲ့ ပြည်သူပိုင် ပစ္စည်းတွေကို ဖျက်လို ဖျက်ဆီး လုပ်ခဲ့ကြတယ်လို့ စွပ်စွဲထား ပါတယ်။

အစိုးရက လုံခြုံရေးတပ်ဖွဲ့တွေကို ဟန်းမားမြို့ထဲကနေ ပြီးခဲ့တဲ့ လက ပြန်ရုပ်ခဲ့ပြီး မြို့ကို ရက်သတ္တပတ်အတော်ကြာ ဝိုင်းထားခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံအရှေ့ဘက်က ဒယ်ဇိုးမြို့နဲ့ တောင်ဘက်က ဒယ်ရာမြို့တွေကိုလည်း စစ်တပ်က ဝင်ရောက်စီးနှင်းမှုတွေ လုပ်နေတယ်လို့ အတိုက်အခံ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

ဒယ်ဇိုးမြို့မှာ လူ ၁၀ ဦးသေဆုံးသွားပြီး၊ ဒယ်ရာမြို့မှာတော့ ၄ ဦးသေဆုံးခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။

ဒမားစကပ်စ်မြို့မှာတော့ မိုဒါမီယာ ဆင်ခြေဖုံးရပ်ကွက်ကို စစ်တပ်က ပိတ်ထားလိုက်ပြီး၊ လျှပ်စစ်မီးနဲ့ အဆက်အသွယ် အားလုံးကို ဖြတ်တောက်ထားလိုက်ပြီဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

အစိုးရရဲ့ ထုတ်ပြန်ချက်ကို အမေရိကန်လက်မခံ

ဒမားစကက်စ်မြို့ အမေရိကန်သံရုံး သတင်းပြန်ကြားရေးက သတင်း ထုတ်ပြန်ရာမှာတော့ ဟန်းမားမြို့ရဲ့ အခြေအနေဟာ အစိုးရကနေ ပြည်သူတွေကို အကြီးအကျယ် စစ်ဆင်နေတာ မျိုး ဖြစ်တယ်လို့ ဆိုပါတယ်။

လူဆိုးလူမိုက်အဖွဲ့တွေက အစိုးရတပ်ဖွဲ့တွေကို တိုက်ခိုက်နေတယ်ဆိုတဲ့ အစိုးရရဲ့ ကြေညာ ချက်ကို အမေရိကန်သံရုံးက ပယ်ချခဲ့ ပါတယ်။

ဟန်းမားမြို့မှာ လက်နက်ကိုင်ဆောင်နိုင်တာ အစိုးရတပ်ဖွဲ့တွေဘဲ ရှိတယ်လို့ အမေရိကန် သံရုံး ပြန်ကြားရေးမှူး ဂျေဂျေ ဟာဒါက ဘီဘီစီကို ပြောပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဝီလျံဟိတ်ကလည်း မူဆလင်တို့ရဲ့ ရာမာဒန် ဥပုဒ်နေ့ မတိုင်ခင် ဆီးရီးယား အစိုးရ အနေနေ့ ဆန္ဒပြ နေသူတွေကို အခုလို ပုံစံမျိုး တာဆီးဖို့ကြိုးစားနေတာ ကိုကြည့်ပြီး သူ့အနေနဲ့ တုန်လှုပ်ခဲ့ရတယ်လို့ ပြောပါတယ်။