ဆီးရီးယားကို နိုင်ငံတကာ တုန့်ပြန်ပြီ

  • 1 ဩဂုတ် 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption အစိုးရရဲ့ ထိုးစစ်ဆင် နှိမ်နင်းမှုကြောင့် ဆန္ဒပြသူတွေ ထိခိုက် ဒဏ်ရာရ

ဆီးရီးယား နိုင်ငံမှာ မနေ့က တနင်္ဂနွေ နေ့တုန်းက အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြ သမား တွေကို အစိုးရက ထိုးစစ်ဆင် နှိမ်နင်း ခဲ့တာကြောင့် အနည်းဆုံး လူတရာ သေဆုံး သွားတယ်လို့ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။

နိုင်ငံတကာနဲ့ အတူ ဒီကိစ္စအပေါ် အမေရိကန် ပြည်ထောင်စုက ဦးဆောင် ရှုတ်ချခဲ့ပြီး သမ္မတ အိုဘားမား ကတော့ ဆီးရီးယား အစိုးရရဲ့ ကိုယ်ပြည်သူကို ရက်ရက် စက်စက် တုန့်ပြန်မှု အပေါ် ကြောက်လန့် တုန်လှုပ်မိတယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုဟာ တရားနည်းလမ်း မကျသလို လက်ခံ နိုင်စရာ မရှိဘူးလို့ ဥရောပ သမဂ္ဂ ကပြောပြီး အီတလီ ကတော့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို အရေးပေါ် အစည်းအဝေး ကျင်းပဖို့ ပန်ကြား လိုက်ပါတယ်။

ဗြိတိန် ၊ ပြင်သစ်နဲ့ ဂျာမဏီတို့ကလည်း အလားတူ ဝေဖန် ပြောကြားခဲ့ကြပြီး ဆီးရီးယား အစိုးရရဲ့ အကြမ်းဖက်နှိမ်နင်းမှု အရှိန်မြင့်လာတဲ့အပေါ် မွတ်ဆလင် ကမ္ဘာက အလွန်အမင်း စိတ်ပျက်မိကြောင်း တူရကီ နိုင်ငံက တုန့်ပြန်လိုက်ပါတယ်။

Hama မြို့မှာ အစိုးရရဲ့ အကြမ်းဖက် နှိမ်နင်းမှုအတွင်း အများဆုံး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ဆီးရီးယား အစိုးရ ဖက်ကတော့ လက်နက်ကိုင် အုပ်စုတွေကို ပြစ်တင် စွပ်စွဲထားပြီး အဲဒီလူတွေက ရဲစခန်းတွေ မီးရှို့ ၊ ပုဂ္ဂလိက နဲ့ အများပိုင် အဆောက်အုံတွေကို ဖျက်ဆီးခဲ့တယ် ၊ နိုင်ငံတလွှား က တိုက်ခိုက်မှုတွေ အတွင်း စစ်သား ငါးယောက်လည်း သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။