အမေရိကန်အစိုးရ ချေးငွေထပ်ရရေး ဆီးနိတ်မှာ မဲခွဲမယ်

  • 2 ဩဂုတ် 2011
ဓာတ်ပုံ မူပိုင် Getty
Image caption သတ်မှတ်ထားတဲ့အချိန် ကုန်ဆုံးဖို့ နာရီပိုင်း အလိုမှာပဲ ဥပဒေအတွက် မဲခွဲကြမှာဖြစ်

အမေရိကန်အစိုးရအနေနဲ့ အမြင့်ဆုံးငွေ ချေးနိုင်တဲ့ ပမာဏထက်ကျော်ပြီး နောက်ထပ် ငွေချေး ယူနိုင်မယ့် ဥပဒေ ပြဌာန်းချက် အတည်ဖြစ်ရေး အတွက် အမေရိကန် ဆီးနိတ်အထက်လွှတ်တော် မှာ ဒီကနေ့ ညနေပိုင်း မဲခွဲဆုံးဖြတ်ဖို့ ပြင်ဆင်မှု တွေ လုပ်နေကြပါပြီ။

အခုလို ငွေထပ်ချေးနိုင်မယ့် ဥပဒေကို ပြဌာန်း နိုင်ခဲ့ပြီဆိုရင်တော့ အစိုးရအနေနဲ့ ပေးရန်ရှိ အကြွေးတွေကို ပြန်ဆပ်ဖို့ ပျက်ကွက်တော့မယ့် အခြေအနေ ကနေ ရှောင်လွှဲ နိုင်တော့မှာ ဖြစ်ပါတယ်။

သဘောတူညီမှုရရှိရေး ဆွေးနွေးမှုတွေအတွက် သတ်မှတ်ထားတဲ့အချိန် ကုန်ဆုံးဖို့ နာရီပိုင်း အလိုမှာပဲ ဒီဥပဒေအတွက် မဲခွဲကြမှာ ဖြစ်ပြီး၊ ဥပဒေအပေါ် ထောက်ခံမဲ ပေးကြလိမ့်မယ်လို့ မျှော်လင့် ရပါတယ်။

အစိုးရအနေနဲ့ ပေးရန်ရှိအကြွေးတွေကို ပြန်ပေးဖို့ ပျက်ကွက်ပါက ကမ္ဘာ့စီးပွားရေးကိုပါ အကြီး အကျယ် ထိခိုက်စေလိမ့်မယ်လို့ အရာရှိတွေက ပြောပါတယ်။

မနေ့က အောက်လွှတ်တော်မှာ ဒီမိုကရက်နဲ့ ရီပါဘလီကန် ပါတီ ၂ ခုအကြား ညှိနှိုင်းလို့မရ ဖြစ်နေတဲ့ ကိစ္စရပ်တွေကို အကြိတ်အနယ် အချေအတင်ဆွေးနွေး ခဲ့ပြီးနောက် အောက် လွှတ်တော်မှာ သဘောတူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဘယ်ပါတီက အနိုင်ရသလဲ

ပါတီနှစ်ဘက် စလုံးကတော့ သူတို့အောင်ပွဲပဲလို့ ပြောနေကြပေမဲ့ ဘယ်ဘက်ကမှ ဒီသဘောတူညီချက်ကို အပြည့်အဝ ကျေနပ်ကြမှာ မဟုတ်ဘူးလို့ ဘီဘီစီ သတင်းထောက် Theo Leggett က ပြောပါတယ်။

အသုံးစရိတ် ဖြတ်တောက်မှုတွေ လုပ်ဖို့ ဆန္ဒမရှိကြတဲ့ လက်ရှိ ဒီမိုကရက်တစ် ပါတီ အစိုးရ ဘက်က ဘတ်ဂျက် ဖြတ်တောက်ပါ့မယ် ဆိုတဲ့ ကတိ ပေးလာအောင် ချေးငွေပမာဏ တိုးမြှင့် ရေးကို ထောက်ခံဖို့ ရီပါဘလစ်ကန် ပါတီက အောက်လွှတ်တော် ဥက္ကဌ ဂျွန်ဘေနာက ဆုံးဖြတ်ခဲ့တာပါ။

လာမယ့် ဆယ်နှစ်မှာ အသုံးစရိတ်ငွေကို ၂ ဒဿမ ၄ ထရီလျံ အထိ လျှော့ချပါ့မယ်ဆိုတဲ့ ဒီမိုကရက် တို့ဆီက ခံဝန်ချက်တွေ ရရှိလို့ သူ့ဘက်က ဒီကိစ္စမှာ အနိုင်ရတယ်လို့ ပြောရမှာ ပါ။

ဒါပေမဲ့ သူ့ရဲ့ ရီပါဘလီကန် ပါတီ အတွင်းကကိုပဲ သဘောထား တင်းမာတဲ့ လွှတ်တော် အမတ်တွေကို ထိန်းချုပ်နိုင်ရေးမှာ ဂျွန်ဘေနာ အနေနဲ့ အခက်အခဲတွေ ရှိခဲ့တာ ပိုရှင်းရှင်း လင်းလင်း မြင်ခဲ့ရတဲ့ အတွက် သူ့ရဲ့ သြဇာ သက်ရောက်မှု အရှိန်အဝါကိုတော့ ထိခိုက်စေ ခဲ့ပါတယ်။

တခါ ရှေးရိုးစွဲ ကွန်ဆာဗေးတစ် Tea Party အဖွဲ့ ဘက်ကလည်း ချေးငွေပမာဏ တိုးမြှင့် ဖို့ဆိုတာဟာ မလုပ်မဖြစ် လုပ်ဖို့ မဟုတ်သလို လုပ်ဖို့လည်း မသင့်ဘူးလို့ ပြောဆိုကြရင်း အသုံးစရိတ်ငွေ အတော်များများကို ဖြတ်တောက်လိုကြတာပါ။

ဒီ့အတွက်ကြောင့်ပဲ ဒီမိုကရက် ပါတီ ခေါင်းဆောင်တွေနဲ့ အပေးအယူ ညှိနှိုင်းမှုကို ဆောင်ရွက်ရာမှာ မစ်စတာ ဘေနာ ကို အခက်အခဲတွေ ဖြစ်စေခဲ့ပါတယ်။

တချိန်တည်းမှာ ဒီမိုကရက်တစ် ပါတီဘက်ကို ကြည့်မယ် ဆိုရင်လည်း လူမှု ဖူလုံရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှု အတွက် အသုံးစရိတ် တွေကို ချက်ချင်း လက်ငင်း ဖြတ်တောက် စရာ မလိုဘဲ လာမယ့် ၂၀၁၂ ခုနှစ် သမ္မတ ရွေးကောက်ပွဲ အချိန် ကျော်လွန်တဲ့ အထိ အစိုးရ အနေနဲ့ လှည့်ပတ် သုံးစွဲနိုင်ဖို့ မရှိမဖြစ် လိုအပ်တဲ့ အသုံးစရိတ်ကို လက်ရှိ ပမာဏထက် ပိုတိုးမြှင့် ပေးဖို့ သဘောတူညီမှု ရရှိအောင် သမ္မတ အိုဘားမား ဆောင်ရွက်နိုင်ခဲ့ ပါတယ်။

ဒါပေမဲ့ ဒီမိုကရက် တွေကို ထောက်ခံပြီး ချမ်းသာတဲ့ အမေရိကန် တွေ အခွန် တိုးကောက်ဖို့ သမ္မတကို တောင်းဆိုနေကြသူ တွေက ရီပါဘလီကန် တို့ကို အလျှော့ပေးတာတွေ များလွန်းတယ်လို့ ဝေဖန်ကြတာကိုလည်း မစ္စတာ အိုဘားမား ခံခဲ့ရပါတယ်။

ဒီတော့ အမေရိကန် စီးပွားရေးနဲ့ ပတ်သက်တဲ့ နိုင်ငံရေး ကစားမှုမှာ မဲဆန္ဒရှင်တွေ ဘက်က မကျေ မနပ်မှုတွေကိုတော့ ဒီမိုကရက်ရော ရီပါဘလီကန် ပါတီ နှစ်ဘက် စလုံးပါ ရင်ဆိုင် ရမယ့်ပုံရှိတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်နေကြတယ်လို့ ဘီဘီစီ စီးပွားရေးရာ သတင်းထောက်က ပြောပါတယ်။