ကလင်တန်နဲ့ ဆီးရီးယား အတိုက်အခံတွေ တွေ့ဆုံ

  • 3 ဩဂုတ် 2011
ဓာတ်ပုံ မူပိုင် AFP
Image caption သမ္မတAssad နှုတ်ထွက်ပေးဖို့ ဆန္ဒပြသူတွေ တောင်းဆိုနေကြ

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Hillary Clinton ဟာ အမေရိကန် နိုင်ငံမှာ အခြေ စိုက်တဲ့ ဆီးရီးယား အတိုက်အခံတွေနဲ့ ပထမဆုံး အကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ ပါတယ်။

ဆီးရီးယား သမ္မတ Bashar al-Assad ရာထူးကနေ ချက်ချင်း နှုတ်ထွက်ပေးရေးကို Mrs Clinton အနေနဲ့ တောင်းဆိုပေးဖို့ ဆီးရီးယား အတိုက်အခံတွေက တိုက်တွန်း ခဲ့ကြတယ်လို့ ဆိုပါတယ်။

Hama မြို့မှာ ဆီးရီးယား အစိုးရ စစ်ဆင် တိုက်ခိုက်နေတာတွေကို ရပ်ဆိုင်းဖို့ သံတမန် တွေရဲ့ ဖိအားပေးမှုတွေ တိုးပွားလာနေချိန်မှာပဲ အခုလို တွေ့ဆုံ ဆွေးနွေးခဲ့တာပါ။

မကြာသေးခင် ရက်တွေအတွင်း အစိုးရရဲ့ လက်ချက်နဲ့ Hama မြို့မှာ လူ၁၄၀လောက် သေဆုံးခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာလည်း ဆီးရီးယား အရေးကို ဆွေးနွေးနေတာ ဒုတိယ မြောက်နေ့ ရှိသွားပြီ ဖြစ်ပါတယ်။

တခါ Hama မြို့ကလာတဲ့ သတင်းတွေအရ ဆီးရီးယား အစိုးရ တပ်ဖွဲ့ဝင်တွေနဲ့ ဆန္ဒပြသူ တွေအကြား ထိပ်တိုက် ရင်ဆိုင်မှုတွေ ဆက်ဖြစ်နေပြီး တင့်ကားတွေနဲ့ လက်ဖြောင့်သမား တွေရဲ့ ပစ်ခတ်မှုတွေကြောင့် လူအတော်များများ နောက်ထပ် သေဆုံးခဲ့တယ်လို့ အတိုက်အခံ တွေက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ဟားမားမြို့ထဲ တင့်ကားတွေ ချထားတယ်လို့ အတိုက်အခံတွေရဲ့ websiteမှာ ဖေါ်ပြ

အစိုးရ တပ်တွေက မြို့ကို ပတ်ပတ်လည် ဝိုင်းထားတယ်လို့ ဆိုပေမဲ့ အတွင်းထဲကို နောက်ထပ် တိုးဝင်လာတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။

Damascus မြို့တော်နဲ့ တခြားမြို့ အတော် များများမှာလည်း ဆူပူ အုံကြွမှုတွေ ရှိခဲ့တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

Hama မြို့က နေရာ အတော်များများဟာ မြို့ခံတွေရဲ့ လက်ထဲမှာ ရှိနေပြီး အခြေအနေဟာ ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်နေတယ်လို့ အရှေ့အလယ်ပိုင်း ဒေသဆိုင်ရာ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

မြို့ကို ပြန်ထိန်းချုပ်နိုင်ဖို့ အစိုးရ တပ်တွေက အစွမ်းကုန် ထိုးစစ်ဆင် တိုက်ခိုက်နေတာကို အခုအခါ ခဏ ရပ်ထားပုံရတယ်လို့ သူက ပြောပါတယ်။