မူဘာရက် ကို ခုံရုံးတင်ပြီ

  • 3 ဩဂုတ် 2011
Mubarak ဓာတ်ပုံ မူပိုင် Reuters
Image caption ရုံးတင် စစ်ဆေးဖို့ ထုတ်လာတဲ့ မူဘာရက်

အီဂျစ် သမ္မတဟောင်း ဟိုဆနီ မူဘာရက် ကို ဒီကနေ့ပဲ စတင် ရုံးထုတ်ခဲ့ပါတယ်။

အာရပ် နိုင်ငံများ အတွင်း ဒီမို ကရေစီရေး တောင်းဆိုတဲ့ လှုပ်ရှားမှုတွေ အပြီးမှာ မစ္စတာ မူဘာရက်ဟာ ပထမဆုံး တရားရုံး ရှေ့မှောက် ရောက်လာ ရတဲ့ ခေါင်းဆောင်ဟောင်း တစ်ယောက် ဖြစ်ပါတယ်။

ရာထူးကနေ ဖြုတ်ချခံခဲ့ရပြီး ကတည်းက ထိန်းသိမ်း ခံခဲ့ရတဲ့ မစ္စတာ မူဘာရက်ကို Sham el Shiekh ကမ်းခြေ မြို့ကနေ တရားရုံးဆီ ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်လာခဲ့တာပါ။

သမ္မတဟောင်း မာဘာရက်ကို ရုံတင် စစ်ဆေးမယ့် နေရာ ရဲအရာရှိ သင်တန်းကျောင်း အနီးနားမှာတော့ စစ်သားနဲ့ ရဲတွေ သုံးထောင်လောက် တာဝန်ယူ ထားကြ ပါတယ်။ လုံခြုံရေး အရ စိုးရိမ်မှု တွေကြောင့် နဂိုရ် စစ်ဆေးမယ့် ညီလာခံ ခန်းမ ကနေ အဲဒီကို နေရာ ရွှေ့ခဲ့တာလို့ ဘီဘီစီ ကမ္ဘာ့ ရေးရာ သတင်းထောက် Mike Wooldridge က ပြော ပါတယ်။ ကြားနာ စစ်ဆေးမယ့် နေရာကို မစ္စတာ မူဘာရက် ရောက်လာတော့ အဲဒီမှာ စောင့်နေကြတဲ့ သူ့ကို ထောက်ခံ သူတွေနဲ့ ဆန့်ကျင် သူတွေ ကြားမှာ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့လို့ ရဲတွေက ဝင်ရောက် လူစုခွဲခဲ့ရပါတယ်။

ဒါပေမဲ့လည်း မစ်စတာ မူဘာရက် ဟာ အတော်ကြီးကို နေမကောင်း ဖြစ်နေပါတယ် လို့ သူ့ရဲ့ ဥပဒေ အကျိုးဆောင်တွေက ပြောနေကြ လေတော့ သူ ကိုယ်တိုင် တရားခံ အဖြစ် စစ်ဆေးခံရမယ့် နေရာကို လာမှ လာနိုင်ပါ့မလား ဆိုတဲ့ ခန့်မှန်း မှုတွေကလည်း နောက်ဆုံး အချိန် အထိ ရှိနေခဲ့ ပါတယ်။

ဒါပေမဲ့ နောက်ဆုံး ကျတော့လည်း မစ္စတာ မူဘာရက် တစ်ယောက် တရားရုံး ရှေ့မှောက်ကို ရောက်လာခဲ့ ပါတယ်။

အီဂျစ် ရုပ်မြင်သံကြားကနေ ရှားရှား ပါးပါး ပြသတဲ့ ရုပ်ပုံတွေ အရ သံဆန်ခါ တွေနဲ့ ကာထားတဲ့ သူ စစ်ဆေးခံရမယ့် တရားခံ လှောင်အိမ် ထဲက ဆေးရုံသုံး ကုတင်ပေါ်မှာ လှဲနေတဲ့ မစ်စတာ မူဘာရက် ကို တွေ့ရပါတယ်။

စစ်ဆေးခံရသူတွေထဲမှာ မစ္စတာ မူဘာရက်နဲ့ သူ့သား နှစ်ယောက် ဖြစ်တဲ့ Gamal နဲ့ Alaa တို့ အပြင် ပြည်ထဲရေး ဝန်ကြီးဟောင်း လည်း ပါဝင်ပါတယ်။

တရားရုံး အရာရှိက မစ္စတာ မူဘာရက်နဲ့ သူ့သား နှစ်ယောက် ကို စွဲတင်တဲ့ စွဲချက်တွေကို ဖတ်ပြခဲ့ပါတယ်။

သူတို့ အားလုံးကို အဂတိ လိုက်စားမှု၊ လူထုအုံကြွမှု အတွင်း ကန့်ကွက်ဆန္ဒ ပြသူတွေကို သတ်ဖြတ်ဖို့ အမိန့်ပေးခဲ့မှု တို့နဲ့ စွဲချက်တင် ကြောင်း တရားရုံး အရာရှိက ပြောပါတယ်။

မစ္စတာ မူဘာရက်ရော သူ့သား တွေကပါ သူတို့မှာ အပြစ် မရှိဘူးလို့ ထွက်ဆိုသွားကြပါတယ်။

တကယ်လို့သာ မစ်စတာ မူဘာရက်မှာ အပြစ်ထင်ရှား ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်ရင် သေဒဏ် အထိတောင်ကျခံရနိုင်ဖွယ် ရှိပါတယ်။