ဆီးရီးယား အစိုးရကို လုံခြုံရေး ကောင်စီ ရှုတ်ချ

  • 4 ဩဂုတ် 2011
ဓာတ်ပုံ မူပိုင် b
Image caption ဆီးရီးယား အစိုးရကို ရှုတ်ချတဲ့ ကြေညာချက် ကို လုံခြုံရေးကောင်စီ ဥက္ကဌက ဖတ်ပြခဲ့

ဆီးရီးယားနိုင်ငံမှာ လွန်ခဲ့တဲ့ ၅လလောက် က စတင်ခဲ့တဲ့ ဆန္ဒပြမှုတွေအတွင်း အရပ် သား ပြည်သူတွေကို အစိုးရက အင်အားသုံး ဖြိုခွင်း တိုက်ခိုက် ခဲ့တယ်ဆိုပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ရှုံ့ချ ဝေဖန်တဲ့ ကြေညာချက် တစောင်ကို ပထမဆုံးအကြိမ် ထုတ်ပြန်လိုက်ပါတယ်။

လုံခြုံရေး ကောင်စီအတွင်း သဘောကွဲလွဲမှုတွေ အချိန် အတော်ကြာ ဖြစ်ခဲ့အပြီး ထုတ်ပြန်လိုက် တဲ့ အဲဒီ ကြေညာချက်ထဲမှာ ဆီးရီးယားတို့ ကိုယ်တိုင် ဦးဆောင်လုပ်တဲ့ နိုင်ငံရေး လုပ်ဆောင် ချက်တွေနဲ့သာ ဒီ ပဋိပက္ခတွေကို ဖြေရှင်းနိုင်မယ်လို့ ဖေါ်ပြထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဖြစ်ခဲ့တဲ့ အဖြစ် အပျက်တွေဟာ အတော့်ကို ထိတ်လန့် ချောက်ခြားစရာ ကောင်းလောက်အောင် ရက်စက် လွန်းလှကြောင်း၊ သမ္မတ Assad နဲ့ ဆီးရီးယား အာဏာပိုင်တွေအနေနဲ့ လူ့အခွင့်အရေးတွေ ကို အပြည့်အဝ လေးစား လိုက်နာတဲ့အနေနဲ့ရော၊ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ပါ့မယ်လို့ ထုတ်ဖေါ် ကြေညာထားတာတွေကို အကောင်အထည် ဖေါ်တဲ့ အနေနဲ့ပါ ပြည်သူတွေအပေါ် အကြမ်းဖက် နှိမ်နင်းနေတာကို အမြန်ဆုံး ရပ်တန့်ဖို့ ထပ်မံ တောင်းဆိုလိုက်ကြောင်း ပြောသွား ပါတယ်။

တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ဟားမားမြို့လယ်ထဲကို အမြောက်ကြီးတွေ၊ စက်သေနတ်တွေနဲ့ ပစ်ခတ် အကာအကွယ် ယူပြီး ဆီးရီးယား အစိုးရ တပ်တွေနဲ့ တင့်ကားတွေ ရှေ့တိုး ဝင်ရောက် သွားတယ် ဆိုတဲ့ သတင်းတွေ ပေါ်ထွက်လာနေစဉ်မှာပဲ အဲဒီ ကြေညာချက် ထုတ်ပြန်လိုက်တာပါ။

ဆီးရီးယား အစိုးရ ရုပ်မြင်သံကြားမှာတော့ အစိုးရ အဆောက်အအုံတွေကို လက်နက်ကိုင် ဂိုဏ်းတွေ ဝင်ရောက် ဖျက်ဆီးခဲ့အပြီး စစ်တပ်က အခြေအနေ အေးချမ်းတည်ငြိမ်အောင် လုပ်နေတယ်လို့ ကြေညာသွားပါတယ်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ကြေညာချက်ကို လက်ဘနွန် နိုင်ငံတနိုင်ငံတည်းက မထောက်ခံခဲ့ဘူးလို့ သိရပါတယ်။