ဥရောပက ဘဏ္ဍာရေး အကြပ်အတည်း

  • 6 ဩဂုတ် 2011
Eurozone ဓာတ်ပုံ မူပိုင် AP
Image caption ဥရောပ ဘဏ္ဍာရေး ဝန်ကြီးများ

နိုင်ငံတကာ စတော့နဲ့ ငွေကြေးစျေးကွက် တွေမှာ တစ်ပတ်တာ စျေးတွေ ထိုးကျခဲ့ တာတွေ၊ စျေးနှုန်း မတည်ငြိမ် တာတွေ ဖြစ်ခဲ့ပြီး နောက် အခုဆိုရင် တနင်္လာနေ့ စျေးပြန်ဖွင့်ချိန် ရောက်ရင် ပြန်တည်ငြိမ်ဖို့ နှစ်ရက်တာ အတွင်း နိုင်ငံတကာ ခေါင်း ဆောင်တွေ ကတော့ ကြိုးစား ကြရဖို့ ရှိပါတယ်။

ဥရောပ ယူရိုဇုန်မှာဆိုရင်လည်း စပိန်တို့ အီတလီတို့လို နိုင်ငံတွေအတွက် ငွေချေးနှုန်းတွေ မြင့်တက်လာပြီး စတော့စျေးတွေလည်း ထိုးကျ ခဲ့ပါတယ်။

ပြင်သစ်နဲ့ ဂျာမနီအပါအဝင် ဥရောပခေါင်းဆောင်တွေဟာလည်း အမေရိကန်သမ္မတ အိုဘားမား နဲ့ ဖုန်း အပြန်အလှန်ပြောပြီး အရေးပေါ် ဆွေးနွေးမှုတွေ လုပ်နေရပါတယ်။

အီတလီကတော့ G7 စက်မှုအင်အားကြီး ၇ နိုင်ငံ တွေ့ဆုံဆွေးနွေးဖို့ လုပ်နေသလို တချို့ကလည်း နိုင်ငံအများအပြားမပါဝင်ပဲ ဖြေရှင်းဖို့ ကြိုးစားရင် လူတွေရဲ့ စျေးကွက် အပေါ် ယုံကြည်မှုက ထပ်ကျသွားမှာကို စိုးရိမ်နေကြပါတယ်။

ဥရောပမှာ လတ်တလော စိုးရိမ်မှုတွေနဲ့ ဖိအားတွေ ကတော့ အီတလီပေါ်မှာ ကျရောက် နေပါတယ်။ အီတလီရဲ့ ငွေချေး စရိတ်တွေ သက်သာ အောင် သူ့ရဲ့ ငွေးချေး စာချုပ်တွေကို ဥရောပ ဗဟိုဘဏ်က နောက် တစ်ပတ်က စပြီး ဝယ်ယူမယ်လို့ အီတလီဝ န်ကြီးတစ်ဦးက ပြောပါတယ်။

ဒါပေမယ့် အီတလီဘက်ကလည်း ခြိုးခြံခြွေတာရေး အစီအစဉ်တွေကို အရှိန်မြှင့်လုပ်ဆောင်ဖို့ လိုအပ်သလို အဲဒီလို လုပ်ဖို့လည်း အီတလီဝန်ကြီးချုပ် ဆီဗီယို ဘာလူစကိုနီက သဘောတူခဲ့ပါတယ်။

နောက်ပြီး ဘတ်ဂျက် ပိုငွေနဲ့ လိုငွေ မညီမမျှ ဖြစ်နေတာကိုလည်း အရင်မျှော်မှန်းထားတဲ့ အချိန်ထက် ညီမျှမှု ပြန်ရနိုင်အောင် လုပ်ဆောင်မယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အီတလီလို အကြွေးထူတဲ့ နိုင်ငံတွေကို တကယ်လို့ အရေးပေါ် ကယ်ဆယ်ရေး လုပ်ပေးဖို့ လိုလာမယ်ဆိုရင် ဘယ်လို ကူညီနိုင်မလဲ ဆိုတာကိုတော့ ဥရောပ ခေါင်းဆောင်တွေ ခေါင်းခဲနေကြပါတယ်။