အာဖဂန်ရဟတ်ယာဉ်ပျက်ကျမှု ကန်စစ်သားတွေသေဆုံး

  • 6 ဩဂုတ် 2011
ဓာတ်ပုံ မူပိုင် AFP
Image caption အမေရိကန် စစ်သား အများဆုံး သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်ပါ

အာဖဂန်နစ္စတန် အရှေ့ပိုင်းဒေသမှာ မနေ့ ညဦးပိုင်းက ရဟတ်ယာဉ်တစီး ပျက်ကျခဲ့ တဲ့အတွက် ရဟတ်ယာဉ်ပေါ်ပါ အမေရိကန် စစ်သား ၃၁ ဦးနဲ့ အာဖဂန် စစ်သား ၇ ဦး သေဆုံးသွားတယ်လို့ အာဖဂန်အရာရှိတွေ က ပြောကြားပါတယ်။

ဒါဟာ အာဖဂန်မှာ အမေရိကန် စစ်သားတွေ သေဆုံးခဲ့မှုတွေ ထဲက ဖြစ်ရပ်တခုတည်းမှာတင် အများဆုံး သေဆုံးခဲ့တဲ့ ဖြစ်ရပ်ပါ။

အမေရိကန် အထူးတပ်ဖွဲ့ဝင်တွေ တင်ဆောင်လာတဲ့ ဒီရဟတ်ယာဉ်ဟာ ဝါဒက်ပြည်နယ် အကြမ်းဖက်မှု တိုက်ဖျက်ရေး စစ်ဆင်မှုတခု ကနေ နောက်တန်းစခန်းကို ပြန်လာတဲ့ အချိန်မှာ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။

ရဟတ်ယာဉ် ပျက်ကျတာကို မြင်တွေ့လိုက်တဲ့ ဒေသခံတဦးက- ခပ်နိမ့်နိမ့် ပြန်နေတဲ့ ရဟတ်ယာဉ်ကို သူဝရန်တာ ကနေ မြင်တွေ့ရကြောင်း၊ အဲဒီနောက် ရဟတ်ယာဉ်ဟာ ရောကက် ထိမှန်ပြီး မီးလောင်သွားတာကို တွေ့လိုက်ရတယ်လို့ ပြောပါတယ်။

တာလီဘန် ပြောခွင့်ရသူကတော့ နေတိုးတပ်ဖွဲ့တွေဟာ သူပုန်တွေ စုဝေးနေတဲ့ အိမ်တအိမ်ကို တိုက်ခိုက်ခဲ့ပြီးနောက်မှာ တာလီဘန်တွေက ဒီရဟတ်ယာဉ်ကို ပစ်ချ လိုက်တာလို့ ဆိုပါတယ်။

နေတိုးဦးဆောင်တဲ့ လုံခြုံရေး အထောက်အကူပြုအဖွဲ့က ရဟတ်ယာဉ် ပျက်ကျတာကို အတည်ပြုပေမဲ့ သေဆုံးသူတွေနဲ့ ဘာကြောင့် ပျက်ရတယ် ဆိုတာကို အသေးစိတ် မပြောပါဘူး။

ရဟတ်ယာဉ် အပျက်အဆီး ပြန်ရဖို့နဲ့ ဘာကြောင့် အခုလို ဖြစ်တယ်ဆိုတာကို စုံစမ်းမှုတွေ လုပ်နေပြီလို့ နေတိုးအဖွဲ့က ပြောပါတယ်။

အာဖဂန်မှာ နိုင်ငံခြားသား တပ်ဖွဲ့ဝင် ၁ သိန်း ၄ သောင်းလောက်ရှိတဲ့ အထဲမှာ ၁ သိန်း လောက်က အမေရိကန်တွေ ဖြစ်ကြပါတယ်။