ယူရိုငွေသုံးနိုင်ငံတွေ အရေးပေါ် ဆွေးနွေးမယ်

  • 7 ဩဂုတ် 2011
ဓာတ်ပုံ မူပိုင် AFP
Image caption ဥရောပဗဟိုဘဏ်က အီတလီ အကြွေးတွေကို ဝယ်ယူဖို့ရှိ

ယူရိုငွေကြေးသုံးစွဲတဲ့ နိုင်ငံတွေရဲ့ ဗဟို ဘဏ်တွေက အုပ်ချုပ်ရေးအရာရှိတွေဟာ လာမယ့် တနင်္လာနေ့ မတိုင်ခင် ဘဏ္ဍာရေး စျေးကွက် တည်ငြိမ်ရေးအတွက် နိုင်ငံ တကာ ကြွေးမြီ အကျပ်အတည်း ကိစ္စရပ် တွေနဲ့ ပတ်သက်ပြီး ဒီကနေ့ ညနေပိုင်းမှာ အရေးပေါ် ဆွေးနွေးမှုတွေ ပြုလုပ်ကြမှာ ဖြစ်ပါတယ်။

မနေ့တုန်းက အမေရိကန်ပြည်ထောင်စုရဲ့ အကြွေး ယူနိုင်တဲ့ credit အဆင့်ဟာ မမျှော်လင့် ပဲ လျော့ကျသွားခဲ့ပြီးနောက် ဥရောပက ကြွေးမြီ ပြဿနာ တက်နေတဲ့ နိုင်ငံတွေဘက်ကို အဓိက အာရုံစိုက်လာကြတာ ဖြစ်ပါတယ်။

အစ္စရေးက စတော့ရှယ်ရှာစျေးတွေ ထိုးကျပြီး အဆင့်တခုမှာ အရောင်းအဝယ် ရပ်သွားခဲ့ တာတွေနဲ့ အတူ ဘဏ္ဍာရေး မတည်ငြိမ်မှုတွေ ဆက်လက် ဖြစ်ပွားနေတာကြောင့် ဒီကနေ့ အနည်းအကျဉ်းဖွင့်တဲ့ စတော့စျေးကွက်တွေမှာ စိုးရိမ်မှုတွေ ရှိနေပါတယ်။

မနက်ဖြန်မနက်ဆိုရင် ကမ္ဘာ့ ငွေးကြေးစျေးကွက်တွေ ဖွင့်တဲ့အခါ၊ အစောဆုံး ဂျပန်၊ တောင်ကိုရီးယားနဲ့ ဟောင်ကောင်စျေးကွက်တွေမှာ အခုအခြေနေတိုင်း ဆိုရင် ငွေစျေးတွေ ထိုးကျသွားနိုင်ပါတယ်။

ဒါကြောင့်မို့ အခုညနေပိုင်းမှာ ဥရောပ ယူရိုငွေကြေးကို ဘုံအဖြစ်သုံးတဲ့ နိုင်ငံ ၁၇ နိုင်ငံက ဘဏ္ဍာရေး ဝန်ကြီးတွေက ဥရောပ ဗဟိုဘဏ် ECB ဘုတ်အဖွဲ့နဲ့ အားလုံးစုံညီ တယ်လီဖုန်း ပေါ်ကနေ၊ ဆွေးနွေးပြီး ဆုံးဖြတ်ချက်တခုကို အပူတပြင်းချမှာ ဖြစ်ပါတယ်။

အဓိကဆွေးနွေးမှာကတော့ ကြွေးတွေနဲ့ ပြဿနာတက်နေတဲ့ အီတလီနဲ့ စပိန်တို့ရဲ့ အကြွေး တွေကို ဥရောပဗဟိုဘဏ်က ဝယ်မလားဆိုတဲ့ အစီအစဉ် ဖြစ်ပါတယ်။

အီတလီနိုင်ငံရဲ့ ကြွေးမြီ အကျပ်အတည်းဟာ တခြားနိုင်ငံတွေကိုပါ ကူးစက်ပျံ့နှံ့မှာကို စိုးရိမ် မှုတွေလည်း တိုးလာနေတာ ဖြစ်ပါတယ်။ ဥရောပ ဗဟိုဘဏ်အနေနဲ့ ကတော့ အီတလီရဲ့ အကြွေးတွေကို စတင် ဝယ်ယူဖို့ အတွက် ဆုံးဖြတ်ချက် ချနိုင်တဲ့ အနေအထားရှိနေပါတယ်။

စပိန်နဲ့ အီတလီတို့ရဲ့ အကြွေးတွေကို စိုက်ထုတ် ဝယ်ယူဖို့ဟာ ငွေပမာဏက အင်မတန်များ ပါတယ်။ လောလောဆယ် ဥရောပနိုင်ငံတွေက ထူထောင်ထားတဲ့ ရန်ပုံငွေနဲ့တင် မလုံ လောက်ပါဘူး။

ယူရိုဇုန်ထဲက စီးပွားရေး အင်အား အကြီးဆုံး ဂျာမဏီကတော့ အီတလီအနေနဲ့ အသုံးစရိတ် လျှော့ချရေး အစီအစဉ်တွေကို လုပ်မပြသေးပဲနဲ့ သူ့ဆီက အကြွေးတွေကို စိုက်ထုတ်ဝယ်ပေးဖို့ တွန့်ဆုတ်နေပါတယ်။

အခုလိုမလုပ်ပြန်ရင်လည်း ငွေကြေးစျေးကွက်တွေမှာ စျေးတွေက ထိုးကျပြီး၊ ဥရောပ ယူရိုငွေ အပေါ် ယုံကြည်မှုတွေ ပျက်ကာ၊ ကမ္ဘာတလွှား ရောင်းဝယ်မှု၊ ကုန်သွယ်မှုတွေကိုပါ ထိခိုက်နိုင်ပါတယ်။

အခု ဥရောပမှာ ဖြစ်နေတဲ့ ကြွေးမြီပြဿနာကို တခြား ကမ္ဘာ့စီးပွားရေး အင်အားကြီး နိုင်ငံတွေ ကလည်း စောင့်ကြည့်နေပြီး၊ ဒီကြွေးမြီ အကျပ်အတည်း လျော့ကျ စေဖို့ နည်းလမ်းတွေ အပေါ် တယ်လီဖုန်းနဲ့ ဆွေးနွေးမှုတွေ လုပ်ဖို့ စီစဉ်ဆောင်ရွက် နေပါတယ်။