ရှစ်လေးလုံး အထိမ်းအမှတ်ပွဲ ဒေါ်အောင်ဆန်းစုကြည်တက်

  • 8 ဩဂုတ် 2011
ဓာတ်ပုံ မူပိုင် AP
Image caption ရန်ကုန်ကရှစ်လေးလုံး အထိမ်းအမှတ် ဆွမ်းကပ်လှူပွဲ

ဒီကနေ့ ကျရောက်တဲ့ ၂၃ နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီရေး လူထုလှုပ်ရှား မှု အထိမ်းအမှတ် အဖြစ် ၈၈ မျိုးဆက် ကျောင်းသားများရဲ့ ဦးဆောင်မှုနဲ့ ဝါဆိုသင်္ဃန်း ကပ်လှူပွဲကို ရန်ကုန်မြို့ ကြည့်မြင်တိုင်က သာဓု ပရိယတ္တိ စာသင် တိုက်မှာ ကျင်းပခဲ့ပါတယ်။

ဒီဆွမ်းကပ်လှူပွဲကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးတင်ဦး၊ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင် နဲ့ ဦးဝင်းထိန်တို့ တက်ရောက်ခဲ့ ကြပါတယ်။

ဒီအခမ်းအနားမှာ ၈၈ လှုပ်ရှားမှုကာလနဲ့ နောက်ပိုင်း ဒီမိုကရေစီ လှုပ်ရှားမှုတွေအတွင်း ကျဆုံးခဲ့သူတွေကို အောက်မေ့ဂုဏ်ပြုတဲ့အနေနဲ့ တမိနစ်ငြိမ်သက်စွာ နေခဲ့ကြတယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။

ဒီပွဲကို ဝါရင့်နိုင်ငံရေးသမားကြီးတွေ၊ နိုင်ငံရေးပါတီတွေကပုဂ္ဂိုလ်တွေ၊ လူမှုရေးလုပ်ငန်းတွေ စီးပွားရေးလုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်နေကြတဲ့ပုဂ္ဂိုလ်တွေ နဲ့ ၈၈ လူထုလှုပ်ရှားမှုမှာ ပါဝင် ခဲ့သူတွေ အပါအဝင် လူတထောင်ခန့်တက်ရောက်ခဲ့ ကြပါတယ်။

ဒီပွဲကို ၈၈ ကာလကို မမှီလိုက်ကြတဲ့ လူငယ်အတော်များများတက်ရောက်ခဲ့ကြတာဟာ ထူးခြားတယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။

ပွဲစီစဉ်သူတွေက သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ညှိုနှိုင်းပြီး လုံခြုံရေးကို ဆောင်ရွက်ခဲ့ကြ တဲ့အတွက် အာဏာပိုင်တွေဘက်က လာရောက် စောင့်ကြည့်တာကလွဲပြီး ဘာမှ အနှောင့် အယှက်မပေးခဲ့ဘူးလို့ ဆိုပါတယ်။

အလားတူ ရှစ်လေးလုံး အထိမ်းအမှတ်ပွဲတွေကို ရန်ကုန်မြို့က တခြားနေရာ ၅ နေရာနဲ့ မန္တလေး၊ ရေနံချောင်း၊ကော့သောင်မြို့တွေမှာ ကျင်းပခဲ့ပြီး စစ်တွေမြို့မှာတော့ တက္ကသိုလ် ကျောင်းသားတချို့ အနက်ရောင် အင်္ကျီဝတ်ပြီး ကျောင်းတက်ခဲ့ ကြတယ်လို့ သိရ ပါတယ်။

နယ်စပ်ဒေသနဲ့ နိုင်ငံရပ်ခြားက ရှစ်လေးလုံး အထိမ်းအမှတ်ပွဲတွေ

ဓာတ်ပုံ မူပိုင် AFP
Image caption ဂျပန်က ရှစ်လေးလုံး အထိမ်းအမှတ်ဆန္ဒပြပွဲ

ရှစ်လေးလုံး နေ့ အခမ်းအနားတွေကို မြန်မာ နိုင်ငံနယ်စပ် တလျှောက်နဲ့ နိုင်ငံတကာ မှာ ကျင်းပခဲ့ ကြရာမှာ မြန်မာပြည် မြောက်ပိုင်း နယ်စပ်မြို့လည်းဖြစ်၊ ကချင်လွတ်မြောက်ရေး အဖွဲ့ ကေအိုင်အို အခြေစိုက်ရာလည်း ဖြစ်တဲ့ လိုင်ဇာမြို့မှာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး အေဘီအက်စဒီအက်ဖ မြောက်ပိုင်းက ဦးဆောင်ပြီး၊ ရှစ်လေးလုံး အခမ်းအနား ကို ကျင်းပခဲ့ ကြပါတယ်။

ထိုင်းမြန်မာနယ်စပ်မှာလည်း ဒီမိုကရေစီရေး လှုပ်ရှားသူတွေ စုပေါင်း ကာ နေရာ ၃ နေရာ ထက် မနည်း အခမ်းအနား တွေ ကို ကျင်းပခဲ့ သလို မဲဆောက် မြို့ က ရွှေ့ပြောင်းအလုပ် သမားများရဲ့ သားသမီး တွေ အတွက် ရည်ရွယ်ဖွင့်လှစ် ထားတဲ့ ကျောင်း တော်တော် များများ မှာလည်း ရှစ်လေးလုံး အခမ်းအနား တွေကို ကျင်းပခဲ့ကြပါတယ်။

ဂျပန်နိုင်ငံ တိုကျိုမြို့၊ အိန္ဒိယနိုင်ငံ နယူးဒေလီ မြို့ နဲ့ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွေမှာလည်း ရှစ်လေးလုံး အခမ်းအနား ကိုကျင်းပခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု တွေကို ကုလသမဂ္ဂ အနေနဲ့ စုံစမ်း စစ်ဆေးရေး ကော်မရှင် စေလွှတ်ရေးကို ဥရောပသမဂ္ဂ အဖွဲ့ထဲက ဂျာမဏီ နိုင်ငံ အနေနဲ့ ထောက်ခံဖို့ လန်ဒန်မြို့က ဂျာမဏီ သံရုံး ရှေ့မှာ ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြ သလို ရှစ်လေးလုံး လူထုအုံကြွမှုကြီး မှာ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူအများအပြားကို ပစ်သတ်ခဲ့ တာနဲ့ ပတ်သက်ပြီး မြန်မာ အစိုးရ ကိုဆန့်ကျင်တဲ့ ဆန္ဒပြပွဲကို မြန်မာသံရုံး ရှေ့မှာ ပြုလုပ်ခဲ့ ကြပါတယ်။

ညနေပိုင်းမှာ လန်ဒန် က တက္ကသိုလ် တခုမှာလည်း ရှစ်လေးလုံး အထိမ်းအမှတ် အခမ်း အနားတွေကို လုပ်ကြဦးမှာ ဖြစ်သလို ပြင်သစ်နိုင်ငံ ပဲရစ် မှာ ထိုင်းနိုင်ငံ ဘန်ကောက် နဲ့ ချင်းမိုင် မြို့တွေမှာ လည်း ရှစ်လေးလုံး နေ့ အခမ်း အနား တွေ ကျင်းပ ကြမယ်လို့ သိရပါတယ်။

ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး ဝီလျံ ဟိတ်က မြန်မာပြည်က ရှစ်လေးလုံး အထိမ်းအမှတ် အတွက် ထုတ်ပြန်တဲ့ ကြေငြာချက်မှာလည်း လူထုအုံကြွမှုဖြစ်ပြီး ၂၃ နှစ်ကြာလာ တဲ့အထိ မြန်မာပြည်က ဒီမိုကရေစီရေးအတွက် ရုန်းကန်လှုပ်ရှား နေရဆဲ ဖြစ်တယ်။ ဗြိတိန်အစိုးရ အနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွတ်လပ်ပြီး ဒီမိုကရေစီရှိတဲ့ နိုင်ငံဖြစ်ရေး ရည်မှန်းချက်ကို ထောက်ခံတယ်၊ အစိုးရအနေနဲ့လည်း အားလုံး ပါဝင်တဲ့ အမျိုးသား သင့်မြတ်ရေးလုပ်ဖို့ လိုတယ်လို့ တိုက်တွန်း ပြောကြား ထားတာ တွေ့ရပါတယ်။