မန်ချက်စတာနဲ့ ဘာမင်ဂမ် မြို့တွေမှာ ဆူပူလုယက်မှု ဆက်ဖြစ်

  • 10 ဩဂုတ် 2011
ဓာတ်ပုံ မူပိုင် Getty
Image caption Manchester မြို့ မီးတောက်ကြားက ရဲများ

ဗြိတိန်မှာ ပြီးခဲ့တဲ့ တနင်္လာနေ့ ညတုန်းက ဆူပူလုယက်မှုတွေ လန်ဒန်နဲ့ နိုင်ငံတဝှမ်းက မြို့တော်တော် များများမှာ ဖြစ်ခဲ့ပြီးတဲ့နောက် မနေ့က ညကလည်း Manchester နဲ့ Birmingham မြို့တွေမှာ ဆူပူမှုတွေ ထပ်ဖြစ်ခဲ့ပါတယ်။

Manchester မြို့က ရဲတပ်ဖွဲ့ အကြီးအကဲ ကတော့ သူတို့ တပ်ဖွဲ့ဟာ ရာဇဝတ်မှု ကျူးလွန်သူ ခိုးစိုး လုယက်သူတွေရဲ့ အလွန်အမင်း ဆိုးရွားလှတဲ့ အကြမ်းဖက်မှု တွေနဲ့ ရင်ဆိုင်ခဲ့ရတယ် အဲဒီလူတွေက မငြိမ်မသက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်အောင် ဖန်တီး နေတယ်လို့ ဆိုပါတယ်။

ဗြိတိန်ရဲ့ ဒုတိယ အကြီးဆုံး မြို့ဖြစ်တဲ့ Birmingham မှာလည်း လူငယ်တွေက ပုလင်းတွေ ခဲတွေနဲ့ ရဲတွေကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြပြီး စျေးဆိုင်တွေကိုလည်း ချိုးဖျက် လုယက်ခဲ့ ကြပါတယ်။

Manchester နဲ့ Birmingham မြို့က ဆူပူမှုတွေမှာ လူပေါင်း ၁ဝဝနီးပါးကို ဖမ်းဆီးခဲ့တယ်လို့ ရဲက ပြောပါတယ်။

Nottingham မှာတော့ ရဲစခန်းကို အိမ်တွင်းလုပ်ဗုံးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ကြတယ် လို့ ဆိုပါတယ်။

အမေရိကန် ပြည်ထောင်စု ကတော့ ထူးခြားတဲ့ ခြေလှမ်းတရပ် အနေနဲ့ ဗြိတိန်ကို သွားလည်မယ့် အမေရိကန် လူမျိုးတွေ အနေနဲ့ သတိနဲ့ သွားဖို့ ထုတ်ပြန်ထားပါတယ်။