လန်ဒန်​နဲ့ မြို့​ကြီး​တွေ​က အဓိကရုဏ်း

  • 10 ဩဂုတ် 2011

လန်ဒန်မြို့မြောက်ပိုင်း Tottenham ရပ်ကွက်မှာ ရဲက သေနတ်နဲ့ ပစ်ခဲ့လို့ လူငယ်တဦး သေဆုံး ခဲ့ရတဲ့ကိစ္စကနေ လန်ဒန်မြို့နဲ့ ဗြိတိန်နိုင်ငံ နေရာအတော် များများဆီ ပြန့်နှံ့သွားခဲ့တဲ့ ဆူပူလုယက်မှုတွေ ဖြစ်ခဲ့တာကို ဘယ်သူ့ အပြစ်တင်ရမှန်း အများက ဝေခွဲ မရနိုင်ပါဘူး။

ဓာတ်ပုံ မူပိုင် Getty
Image caption လန်ဒန်မြို့မှာအပြင် မနေ့ အင်္ဂါညကတော့ မန်ချက်စတာမြို့မှာလည်း ဆိုင်တွေ မီးရှို့

အစိုးရလား၊ ဆူပူသူတွေလား၊ ကိုင်တွယ်တဲ့ ရဲလား။ ဆုံးရှုံးမှုတွေကတော့ များခဲ့ပြီး နိုင်ငံတကာ အလယ်မှာ အင်မတန် သိက္ခာကျရတဲ့ နိုင်ငံတကာ ထိပ်တန်း သတင်းကြီးလည်း ဖြစ်နေခဲ့ပါပြီ။

``ကျွန်တော့်အသက် ကြီးပါပြီဗျာ။ အသက် ၈၀ ရှိပါပြီ။ ဒီလိုဖြစ်တဲ့အတွက် ကျွန်တော့်ကို အကြီးအကျယ် စိတ်ထိခိုက်ပါတယ်။ ကျွန်တော် အမှား ဘာမှ မလုပ်ခဲ့ပါဘူး။ ဘာကြောင့် ကျွန်တော့်ကို ဒီလိုလုပ်ရတာလဲ`` လို့ ဆိုင်ပိုင်ရှင် အဖိုးကြီး တဦးက ဝမ်းနည်း ပက်လက် ပြောပါတယ်။

နှစ်ပေါင်း ၁၄၀ သက်တမ်းရှိတဲ့ ဒီဆိုင်ဟာ ပထမကမ္ဘာစစ်ကိုရော၊ ၁၉၃၀ မှာ ဖြစ်ခဲ့တဲ့ စီးပွားပျက်ကပ်ကိုရော၊ ဒုတိယကမ္ဘာစစ်ကိုရော ကျော်လွန်နိုင်ခဲ့ပေမယ့် အခုတော့ ဆူပူသူတွေ လက်ချက်နဲ့ နာရီပိုင်းအတွင်း ပြာကျသွားခဲ့ရပါတယ်။

ဒီလိုဆူပူသောင်းကျန်းမှုတွေကို ထိန်းသိမ်းဖို့ အီတလီနိုင်ငံမှာ ရောက်နေတဲ့ ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းဟာ နွေရာသီ အပန်းဖြေခရီးကို ဖျက်ပြီး လန်ဒန်ကို ပြန်လာရသလို၊ လန်ဒန်မြို့တော်ဝန် ဘောရစ်ဂျွန်ဆင်ဟာလည်း အလားတူအားလပ်ရပ်ခရီးကနေ ပြန်ခဲ့ရပါတယ်။

ဒီအဖြစ်အပျက်တွေဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းက လန်ဒန်မြို့ တော်တင်ဟန် ရပ်ကွက်မှာ တက္ကစီ ကားတစင်းကို ရပ်တန့်ရှာဖွေတုန်း ရဲက သေနတ်နဲ့ ပစ်လို့ အသက် ၂၉ နှစ်အရွယ် Mark Duggan ဆိုတဲ့သူ သေဆုံးသွားရာက စခဲ့တာလို့ တချို့ကလည်း သုံးသပ်ကြပါတယ်။

စနေနေ့မှာ လူ ၃၀၀ လောက်က အဲဒီရပ်ကွက်ထဲက ရဲစခန်းကို လာဝိုင်းပြီး ဓါတ်ဆီဗုံးတွေ၊ ခဲတွေနဲ့ ပစ်ပေါက်လို့ ဖျက်ဆီးခဲ့ကြပါတယ်။ အနီးနားက နေရာသုံးခု လောက်မှာလည်း ဆိုင်တွေကို လုယက်ခဲ့ပါတယ်။

နောက်တနေ့မှာတော့ လန်ဒန် မြောက်ပိုင်းက Enfield နဲ့ တောင်ပိုင်းက Brixton ရပ်ကွက်တွေဆီ ဆူပူမှုတွေပြန့်သွားပါတယ်။ တနင်္လာနေ့ညမှာတော့ အခြေအနေက ပိုဆိုးလာပြီး၊ လန်ဒန်မြို့မြောက်ပိုင်း မှာ Enfield အပြင် Heckny၊ ကမ်မ်ဒန်၊ အရှေ့ပိုင်းမှာ East Ham, Woolwich, Stratford, တခါတောင်ပိုင်း ကခရွိုက်ဒန်၊ ဘရွန်မလေ၊ လူဝီရှမ်၊ အနောက်ဖက်မှာလည်း အီလင်စတဲ့ ရပ်ကွက် အတော်များများမှာ ဆူပူဖျက်ဆီးမှုတွေ ဆက်ဖြစ်ပါတယ်။

ဒီဖြစ်ရပ်တွေမှာ ရဲတွေရဲ့ တုန့်ပြန်အရေးယူမှုနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေလည်း အများကြီး ရှိနေပါတယ်။ ရဲတွေဟာ ဆူပူသူတွေကို မနှိမ်နှင်းနိုင်ဘဲ ရပ်ကြည့်နေခဲ့ရတဲ့ အဖြစ်တွေလည်း ဖြစ်ခဲ့ပါတယ်။