နိုင်ငံတလွှား ရဲတပ်ဖွဲ့အင်အား အပြည့်ချထား

  • 10 ဩဂုတ် 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဝန်ကြီးချုပ်နဲ့ ရဲအရာရှိကြီးတွေ စည်းဝေးပြီ

ပြီးခဲ့တဲ့ လေးရက် အတွင်း ခိုးဆိုး လုယက် အကြမ်းဖက်မှုတွေမျိုး ထပ်မဖြစ်ရအောင် အင်္ဂလန် တလွှားက မြို့ကြီးတွေနဲ့ လန်ဒန်မှာ ရဲတွေ အများအပြား ချထားတာ တွေ့ရပြီး အင်္ဂါနေ့ ညတုန်းက ဆူပူမှုတွေ အဆိုးဝါးဆုံး ဖြစ်ခဲ့တဲ့ Manchester မြို့ အပါအဝင် အင်္ဂလန် အနောက်မြောက်ပိုင်း ဒေသတွေမှာ မိုး သည်းသည်းထန်ထန် ရွာနေတာကြောင့် မနေ့ညကတော့ လမ်းတွေပေါ်မှာ တိတ်ဆိတ် နေပါတယ်။

မနေ့က အစောပိုင်းတုန်းကတော့ ဒီခိုးဆိုးလုယက် မှုတွေကို ဖြိုခွင်းပစ်ရမယ်လို့ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်က ဆိုပြီး လိုအပ်ရင် မီးသတ်ပိုက်တွေနဲ့ ရေဖြန်းပြီး နှိမ်နင်းရအောင် လိုအပ်တဲ့ ထောက်ပံ့မှုတွေ အကုန်လုံး ရဲတပ်ဖွဲ့ အတွက် ဆောင်ရွက်ပေးမယ်လို့ ကတိပေး ပြောကြား လိုက်ပါတယ်။

သူတို့ ကိုယ်ပိုင် အိမ်ယာ အဆောက်အအုံနဲ့ ပစ္စည်း ဥစ္စာတွေကို ကာကွယ်ဖို့ ကြိုးစားရင်း မသမာသူတွေက အရှိန်မြင့် ကားနဲ့ ဝင်တိုက်မှုကြောင့် လူငယ်သုံးယောက် သေဆုံးခဲ့ရတဲ့ Birmingham မြို့ကို မစ္စတာ ကင်မရွန် ရောက်သွားခဲ့ပါတယ်။

အင်္ဂလန် မြောက်ပိုင်းက ဆူပူ ခိုးဆိုး လုယက်မှုတွေမှာ ပါခဲ့တဲ့လူနှစ်ယောက်ကို သီတင်းခြောက်ပတ် ကနေ ဆယ်ပတ်အထိ ထောင်ချလိုက်ပါပြီ။

ခိုးဆိုးလုယက်မှုတွေ အပေါ် ပြစ်ဒဏ်ချခဲ့တာတွေထဲက ဒါဟာ ပထမဆုံး စီရင်ချက် ဖြစ်တယ်လို့ မန်ချက်စတာ ရဲတပ်ဖွဲ့က ပြောပါတယ်။

နိုင်ငံတလွှားမှာ ခိုးဆိုး လုယက်မှုနဲ့ မသင်္ကာလို့ ဖမ်းထားတဲ့ လူတွေ တထောင်ကျော်ရှိပြီး ပြစ်မှုကျူးလွန်တဲ့သူတွေ များလွန်းလို့ တချို့ တရားရုံးတွေဆိုရင် နေ့ရောညပါ တရားစီရင် ပေးနေ ရသလို အမှုတွေကလည်း များသောအားဖြင့် လုယက် ၊ ခိုးဆိုး ၊ ဖောက်ထွင်းမှုတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

တချို့ ပြစ်မှု ကျူးလွန်သူတွေဆိုရင် အသက် ၁၁နှစ် လောက်ဘဲ ရှိသေးတယ်လို့ သိရပါတယ်။