ဆီးရီးယား အစိုးရ ပိုင်ဆိုင်မှု အမေရိကန် ပိတ်ဆို့ အရေးယူ

  • 10 ဩဂုတ် 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption တင့်ကားတွေနဲ့ မြို့တွေထဲ စီးနင်း နှိမ်နင်း

ဆီးရီးယားနိုင်ငံမှာ အစိုးရက ဒီမိုကရေစီရေး တိုက်ပွဲဝင်နေတဲ့ အတိုက်အခံ တက်ကြွ လှုပ်ရှားသူတွေကို လက်နက်အင်အားသုံး ဆက်လက် နှိမ်နင်းနေတာကြောင့် ဆီးရီးနိုင်ငံက အကြီးဆုံး ကုန်သွယ်မှုဘဏ်ကြီးနဲ့ မိုဘိုင်းဖုန်း ကုမ္ပဏီ တခု တို့ကို အမေရိကန်က ပိတ်ဆို့ အရေးယူလိုက်ပါတယ်။

အမေရိကန်က ဆီးရီးယား သမ္မတ အာဆက်ဒ်ရဲ့ ငွေကြေးဥစ္စာ ပိုင်ဆိုင်မှုတွေကို ပစ်မှတ် ထားတာပါလို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောပါတယ်။

အဲဒီ ဆီးရီးယား အစိုးရပိုင် ဘဏ်ကြီးဟာ ခေတ်မှီ လက်နက်ဆန်းတွေ ဝယ်ယူဖို့ အထောက်အပံ့ပေးနေတာ ဖြစ်သလို ပဲ့ထိန်းဒုံးကျည်တွေ ပြည်ပတင်ပို့နေတဲ့ မြောက်ကိုရီးယားဘဏ် တခုနဲ့ ငွေကြေး ဆက်နွယ်မှုတွေ တွေ့ရတယ်လို့ ဆိုပါတယ်။

မိုဘိုင်းကုမ္ပဏီဖြစ်တဲ့ Syriatel ကတော့ သမ္မတ အာဆက်က ဆွေမျိုးသားချင်း တယောက်ပိုင်တာ ဖြစ်ပါတယ်။

ဆီးရီးယား နိုင်ငံမှာ လုံခြုံရေး တပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် လူအယောက် ၂ဝကျော် သေဆုံး သွားတယ်လို့ အတိုက်အခံ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေက ပြောပြီး သေဆုံးသူ အများစုဟာ Homs မြို့ကလို့ ဆိုပါတယ်။

စစ်တပ်က အလုံးအရင်းနဲ့ ဝင်ပြီး လူတွေကိုဖမ်း အိမ်တွေကို တက်ရှာကာ ထွက်ပြေးတဲ့လူ မှန်သမျှကို သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။

တင့်ကား အများအပြားနဲ့ မြို့ထဲကို ဝင်စီးနင်းခဲ့တာ ဖြစ်ပြီး လက်နက်ကြီးတွေသုံးကာ ဖောက်ခွဲခဲ့တယ်လို့လည်း သတင်းရရှိပါတယ်။

သီတင်းတပတ်ကျော်ကြာ ဝင်ရောက် စီးနင်းခဲ့တာကြောင့် အတိုက်အခံ တက်ကြွ လှုပ်ရှားသူတွေ ရာနဲ့ချီ သေဆုံးခဲ့ရတဲ့ Hama မြို့ကနေ စစ်တပ် ဆုတ်ခွာနေပုံကို အစိုးရ အရာရှိတွေက သတင်းထောက်တွေအား အစောပိုင်းတုန်းက လိုက်ပြခဲ့ပါတယ်။