လန်ဒန် က လမ်းမတွေပေါ်မှာ ရဲတွေ တိုးချမယ်

  • 12 ဩဂုတ် 2011
london riot ဓာတ်ပုံ မူပိုင် Reuters
Image caption လန်ဒန် ဆူပူမှု မြင်ကွင်း

ဗြိတိန် ပြည်ထဲရေး ဝန်ကြီး ထရီဇာမေ က ဆူပူလုယက်မှု တွေ ဖြစ်ခဲ့တဲ့ အရပ်တွေ က လမ်းမတွေ မှာ လုံခြုံရေး အတွက် ရဲ ဝန်ထမ်း တွေ ကို ထပ်တိုး ပြီး ချထားမယ် လို့ ပြောလိုက် ပါတယ်။

အရင် ပုံမှန် အချိန် တွေတုန်းက စနေ နဲ့ တနင်္ဂနွေ လို အလုပ် ပိတ်ရက် တွေ ကျရင် လန်ဒန် က လမ်းမ တွေ အပေါ်မှာ ရဲ အရေ အတွက် ၂၅၀၀ ချထားလေ့ ရှိပေမယ့် အခုဆိုရင် ရဲ တပ်ဖွဲ့ဝင် ပေါင်း ၁၆၀၀၀ ချထားမယ် လို့ လန်ဒန် က ထိပ်တန်း ရဲ အရာရှိကြီး တဦး က ပြောပါတယ်။

အင်္ဂလန် က ဆူပူ လုယက်မှု တွေကြောင့် လူပေါင်း ၁၅၀၀ ကျော်ဖမ်း ထားပြီး ဒီ အထဲ က လူ ၁၀၀၀ လောက် က လန်ဒန် မှာ ဖမ်းထားတဲ့ သူတွေပါ။

သူတို့ကို ပြစ်ဒဏ် ချရင် အရင် အလားတူ အပြစ်မျိုး ပြစ်ဒဏ်ပေး တာ ထက် ပိုပြင်းထန် တဲ့ အရေးယူမှု ကို လုပ်မယ် လို့ လည်း သိရ ပါတယ်။

လန်ဒန် မှာ ပြီးခဲ့တဲ့ စနေနေ့ ည က စပြီး ဆူပူလုယက်မှု တွေ ဖြစ်ခဲ့ပြီး နောက်ထပ် ၄ ရက် ဆက်တိုက် လန်ဒန် နေရာ တော်တော်များများ နဲ့ အင်္ဂလန် က အချို့ မြို့ တွေ ကို ပျံ့နှံ့ သွားခဲ့ ပါတယ်။

အဲဒီတုန်း က ရဲ တွေရဲ့ ဆူပူလုယက်သူတွေ ကို တုန့်ပြန်မှု က နှေးကွေး လျော့လျဲ လွန်း တယ် ဆိုတဲ့ ဝေဘန်သူတွေ လည်း ရှိနေ ပါတယ်။