ဂိုဏ်းရာဇဝတ်မှု ဆန့်ကျင်သူ တရားသူကြီး အသတ်ခံရ

  • 13 ဩဂုတ် 2011
ဓာတ်ပုံ မူပိုင် b
Image caption Patricia Acioli ရဲ့ အသုဘကို Niteroi မြို့မှာ သောကြာနေ့က ပြုလုပ်ခဲ့

ဘရာဇီး နိုင်ငံမှာ ဂိုဏ်းဖွဲ့ ကျူးလွန်တဲ့ ရာဇဝတ် မှုတွေကို အရေးယူ အပြစ်ပေးမှု ကြောင့် လူသိများသူ အမျိုးသမီး တရား သူကြီး တစ်ဦး Rio de Janeiro ပြည်နယ် မှာ ပစ်သတ်ခံခဲ့ရပါတယ်။

အဲဒီ တရားသူကြီး Patricia Acioli ကို Niteroi မြို့မှာ ရှိတဲ့ သူ့အိမ် အပြင်ဘက်မှာ မော်တော် ဆိုင်ကယ် စီးလာတဲ့ မျက်နှာဖုံး စွပ် သေနတ် သမား တွေက သေနတ်နဲ့ ပစ်သတ်ခဲ့တာပါ။

သူဟာ ရာဇဝတ်ဂိုဏ်းဝင်တွေ၊ အဂတိ လိုက်စားတဲ့ ရဲအရာရှိတွေကို ပြစ်မှု ထင်ရှားကြောင်း စီရင် ဆုံးဖြတ်လေ့ ရှိသူအဖြစ် အများက သိကြပါတယ်။

သူ့ကို အသက်အန္တရာယ် ခြိမ်းခြောက်ထားတဲ့ စာတွေ အများအပြား လက်ခံ ရခဲ့ပေမဲ့ ရဲ အစောင့်အရှောက်တော့ လုပ်မထားခဲ့ဘူးလို့ သူ့မိသားစုက ပြောပါတယ်။

သူ့ကို အခုလို လုပ်ကြံသတ်ဖြတ်တာဟာ ဒီမိုကရေစီနဲ့ ဥပဒေ စိုးမိုးရေးကို တိုက်ခိုက်လိုက် တာပဲလို့ ဘရာဇီး တရားရုံးချုပ်က ရှုံ့ချ ပြောဆိုလိုက်ပါတယ်။

Rio de Janeiro ပြည်နယ်မှာ ၂၀၁၄ ခုနှစ်မှာ ကျင်းပမဲ့ ကမ္ဘာ့ ဖလား ဘောလုံးပွဲနဲ့ ၂၀၁၆ ခုနှစ်မှာ ကျင်းပမဲ့ အိုလံပစ် အားကစားပွဲတော်တွေ မတိုင်ခင် အကြမ်းဖက် ရာဇဝတ်မှုတွေ တိုက်ဖျက်တဲ့ စစ်ဆင်လှုပ်ရှားမှုတွေ တိုးမြှင့်လုပ်နေတယ်လို့ သတင်းထောက်တွေက ပြောပါတယ်။