ဆူပူသောင်းကျန်းမှုနဲ့ လူထောင်ကျော် ဖမ်းဆီး

  • 13 ဩဂုတ် 2011
Image caption ဆူပူမှု ဖြစ်ခဲ့တဲ့ နေရာတွေမှာ ရဲတွေ ဆက်ချ ထားမယ် လို့ ပြည်ထဲရေး ဝန်ကြီးပြော

အင်္ဂလန်နိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း ဖြစ်ခဲ့တဲ့ ဆူပူ သောင်းကျန်းမှု၊ ခိုးဆိုး လုယက်မှုတွေနဲ့ ဆက်နွယ်နေတဲ့ လူ၁၆၀၀ ကျော်ကို ဖမ်းဆီး ထိန်းသိမ်းထား တယ်လို့ ရဲတွေက ပြောပါတယ်။

လူ ၈၀၀ လောက် တရားရုံးမှာ ကြားနာ စစ်ဆေး ခံခဲ့ပြီး ဖြစ်ပြီး တရားစွဲခံထားရသူတွေထဲက ငါးပုံ တစ်ပုံဟာ အသက် ၁၈ နှစ်အောက်အရွယ် လူငယ်တွေ ဖြစ်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ညပိုင်းတွေက အခြေအနေတွေ အထိုက်အလျောက် ငြိမ်သက်သွားပြီ ဖြစ်ပေမဲ့ လမ်းမတွေပေါ်မှာ ရဲတွေ တိုးချထားတာကို ဆက်လုပ်သွားဦးမယ်လို့ ဗြိတိန် ပြည်ထဲရေး ဝန်ကြီးTheresa May က ပြောပါတယ်။

ဆူပူ သောင်းကျန်းသူတွေရဲ့ လက်ချက်နဲ့ မီးလောင်ပြာကျခဲ့ရတဲ့ လန်ဒန်မြို့ မြောက်ပိုင်းက ကုန်လှောင်ရုံတခုကို သွားရောက် ကြည့်ရှုစဉ်မှာ အခုလို ပြောခဲ့တာပါ။

အဲဒီမှာ သီချင်းစီဒီခွေ တစ်သန်းကျော်လောက် ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

ဒီအတောအတွင်းမှာပဲ လန်ဒန်မြို့မှာ ဆူပူသောင်းကျန်းသူတွေရဲ့ ရှို့မီးကို ငြိမ်းသတ်ဖို့ ကြိုးစားစဉ် ဝိုင်းအရိုက်ခံခဲ့ရတဲ့ အမျိုးသားတဦး မနေ့ကပဲ ဆေးရုံမှာ သေဆုံးသွားပါတယ်။

အခုအခါ ဆူပူ သောင်းကျန်းမှုတွေနဲ့ ပတ်သက်လို့ သေဆုံးခဲ့ရသူပေါင်း ၅ဦး ရှိသွားပြီ ဖြစ်ပါတယ်။