ရစ်ခ် ပယ်ရီက သမ္မတ ဝင်ရွေးမယ်လို့ဆို

  • 13 ဩဂုတ် 2011
perry ဓာတ်ပုံ မူပိုင် BBC World Service
Image caption သမ္မတ လောင်း အမည်စာရင်း တင်သွင်းလိုက်တဲ့ ရစ်ခ် ပယ်ရီ

အမေရိကန် ပြည်ထောင်စု က တက္ကဆက်စ် ပြည်နယ် အုပ်ချုပ် ရေးမှူး ရစ်ခ် ပယ်ရီက လာမဲ့နှစ်မှာ ကျင်းပမယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲ မှာ ရီပတ် ပလစ်ကန်ပါတီ ဘက်က သမ္မတလောင်း အဖြစ် ဝင် ပြိုင် နိုင်ဖို့ အတွက် အမည် တင်သွင်းလိုက် ပါတယ်။

မစ္စတာ ပယ်ရီက တောင် ကယ်ရိုလိုင်းနား ပြည်နယ်မှာ သူ့ကို ထောက်ခံသူတွေကို မိန့်ခွန်း မပြောကြားခင် တနာရီ အလိုလောက်မှာ အခုလို ကြေငြာ လိုက်တာ ဖြစ်ပါတယ်။ နောက် သူ့ကို ထောက်ခံသူတွေ နဲ့ နိုင်ငံတကာ က မီဒီယာ တွေကိုလဲ ဒီ ကိစ္စကို တရားဝင် အသိပေး ပြောကြားခဲ့ ပါတယ်။

မစ္စတာ ပယ်ရီက သူတောင် ကယ်ရိုလိုင်းနားကို လာခဲ့တာ ဟာ အမေရိကန် မှာ လက်ရှိ ဖြစ်ပျက် နေတာ တွေကို လက်ပိုက်ကြည့် မနေ နိုင်လို့ ဖြစ်ကြောင်း နဲ့ ကြီးကျယ်တဲ့ တိုင်းပြည် တပြည် အတွက် ပိုမို ကောင်းမွန်တဲ့ လမ်းညွှန် မှုတွေ လိုအပ် နေပြီ ဖြစ်ကြောင်း ၊ ပြန်လည် နိုးထ လာတဲ့ နိုင်ငံ တော်အတွက် သမ္မတ သစ် လိုအပ် နေကြောင်း၊ အခု အမေရိကန် ပြည်ထောင်စုကို ပြန်လည် နိုးထ ဖို့ လုပ်ရ တော့ မှာ ဖြစ်ကြောင်း နဲ့ အမေရိကန် ကို ချစ်တဲ့ စိတ်ကို အရင်းခံ ပြီး မိသားစုဝင် တွေရဲ့ အားပေး ထောက်ခံမှု တွေနဲ့ အခု တကြိမ် သမ္မတ ရွေးကောက်ပွဲ မှာ ပါဝင်နိုင်ဖို့ အတွက် အမည် တင်သွင်း လိုက်ကြောင်း တွေကို ပြောသွားပါတယ်။

မစ္စတာ ပယ်ရီဟာ နာမည် ကြီး နိုင်ငံရေး သမား တယောက် ဖြစ်ပြီး သူဟာ ဘဏ္ဍာရေးနဲ့ လူမှုရေး ပိုင်းတွေမှာ ရှေးရိုးဆန်သလို ရီပတ်ပလစ်ကန် ပါတီ တွင်းက လက်ယာယိမ်း သူတွေနဲ့ အလယ်အလတ် ကျသူတွေကို ပေါင်းစည်း ပေးနိုင်သူ ဖြစ်တယ်လို့ ဝါရှင်တန် မြို့က ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

ဒီ ကြေငြာချက်ကြောင့် သူဟာ အိုင်အိုဝါ ပြည်နယ် မှာ ပြုလုပ်မဲ့ ရီပတ်ပလစ်ကန် ပါတီရဲ့ အတည်မဟုတ် တဲ့ လူထု ထောက်ခံမှု စစ်တမ်း ခံယူမဲ့ စာရင်းမှာ အဌမ မြောက် အမည် တင်သွင်း လိုက်သူ ဖြစ်လာ ပါတယ်။

အဲဒီ စစ်တမ်းကလဲ နောက်နှစ် မှာ သမ္မတ အိုဗားမားကို တကယ် ယှဉ် ပြိုင် ပြီး အရွေးခံဖို့ သမ္မတ လောင်း ရွေးချယ်ကြတဲ့ အခါမှာ လွှမ်း မိုးမှု ရှိလာ နိုင်မှာ ဖြစ်ပါတယ်။