ဆီးရီးယားမှာ ဆေးရုံတွေလဲ အထိနာခဲ့ရ

  • 13 ဩဂုတ် 2011
syria_hama ဓာတ်ပုံ မူပိုင် Reuters
Image caption အစိုးရတပ် တွေ ရဲ့ အတိုက် အခိုက် ခံခဲ့ရတဲ့ ဟာမာ မြို့

ဆီးရီးယား နိုင်ငံက ဟာမာ မြို့မှာ အစိုးရ လုံခြုံရေး တပ်တွေ ကအတိုက် အခံတွေ အပေါ် ပြုလုပ်ခဲ့တဲ့ တိုက်ခိုက် မှုတွေ ရဲ့ အကျိုးဆက် အဖြစ် မြို့ထဲမှာ ရှိတဲ့ ဆေးရုံနဲ့ ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်း တွေ ပေါ်မှာ တော်တော် ကို အထိနာ စေခဲ့တယ် လို့ အဲဒီ မြို့က ဆရာဝန် တဦးက ပြော ပါတယ်။

အဲဒီ ဆရာဝန်က ဘီဘီစီကို ပြောရာမှာတော့ လူတွေ ဟာ မြို့ထဲက အဓိက ဆေးရုံ ကြီး တခုကို ဆိုရင် မသွားချင်ကြဘူး လို့ ဆိုပါတယ်။ အကြောင်းက လဲ အဲဒီ ဆေးရုံမှာ အစိုးရ လုံခြုံရေးတပ်တွေ ရှိနေပြီး ဒဏ် ရာရပြီး ရောက်လာ သူတွေထဲက တချို့ကို အဲဒီ လုံခြုံရေး တွေက သတ်ဖြတ် ပစ်လိုက်လို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ရက်သတ္တ တပတ်ကြာ အစိုးရတပ်တွေ ရဲ့ တိုက်ခိုက် မှုကြောင့် ဆေးရုံကြီး နှစ်ရုံ ပျက်စီး ခဲ့ရပြီး ကျန်ဆေးရုံတွေလဲ အကြီးအကျယ် ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီ အမည်မဖော်လိုတဲ့ ဆရာဝန်က ဆက်လက် ပြောပြရာမှာ တော့ လောလောဆယ်မှာ ဆေးဝါးတွေလဲ လိုအပ်နေပြီး သွေး သွင်းကုသ ဖို့တွေ လုပ်ဖို့ သွေးတွေလဲ လိုနေကြောင်း ပြောပါတယ်။