အစိုးရ တပ်တွေ Latakia မြို့ကို ဝင်ရောက် စီးနင်း တိုက်ခိုက်

  • 15 ဩဂုတ် 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption Latakia မြို့က လုံခြုံရေး အခြေအနေ

ဆီရီးယား နိုင်ငံ ဆိပ်ကမ်းမြို့ တမြို့ဖြစ်တဲ့ Latakia မြို့မှာ ဒီမိုကရေစီရေး တောင်းဆို ဆန္ဒပြသူတွေကို အစိုးရ တပ်ဖွဲ့တွေက ကုန်းကြောင်း ရေကြောင်းကနေ တနေကုန် တိုက်ခိုက်ခဲ့တယ်လို့ ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ မြို့ခံတယောက်က ပြောပါတယ်။

အိမ်ခေါင်မိုးပေါ်ကနေ စောင့်ကြည့်နေတဲ့ အဲဒီမြို့ခံက ဘီဘီစီကို ပြောကြားရာမှာ ဒီနေ့မနက် ခြောက်နာရီက စစ်တပ်က လက်နက်ကြီးတွေနဲ့ အရပ်သုံးမျက်နာကနေ ဝင်ဆီးပြီး တိုက်ခိုက်ခဲ့လို့ Al Raml နဲ့ Masbah Al Shab တဝိုက်မှာ ပစ်ခတ် သံတွေ ကျယ်ကျယ်လောင်လောင် ကြားရတယ်လို့မြို့ခံက ပြောပါတယ်။

အဆောက်အဦ မြင့်မြင့်တွေ ပေါ်ကနေ လက်ဖြောင့် တပ်သားတွေက နေရာယူ ပစ်ခတ်နေသလို မြေပြင်က စစ်တပ်ကလည်း မြင်မြင်ကရာ လှုပ်ရှားမှု မှန်သမျှကို လိုက်လံ ပစ်ခတ်နေတာ တွေ့ရတယ်လို့ ဆိုပါတယ်။

Latakia မြို့က မျက်မြင် သက်သေတွေရဲ့ ပြောပြချက်အရ အနည်းဆုံး လူ ၂ဂယောက် သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရတယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အဲဒီမြို့က ပါလစ်စတိုင်း ဒုက္ခသည် စခန်းကို ပစ်ခတ်ခံခဲ့ရတာကြောင့် လူတော်တော် များများ သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များ ကယ်ဆယ်ရေး အေဂျင်စီ ကလည်း ပြောပါတယ်။

ဒီမြို့မှာ လူတွေက သမ္မတ အာဆက်ဒ်ရာထူးက နှုတ်ထွက်ပေးဖို့ အကြီးအကျယ် ဆန္ဒပြ တောင်းဆိုခဲ့တာကြောင့် အစိုးရတပ်ဖွဲ့တွေ အလုံးအရင်းနဲ့ ဝင်ရောက် တိုက်ခိုက် ခံခဲ့ရတာ ဖြစ်ပါတယ်။