အီဂျစ်သမ္မတဟောင်းကို ဒုအကြိမ် ရုံးထုတ်

  • 15 ဩဂုတ် 2011
Egypt ဓာတ်ပုံ မူပိုင် AP
Image caption ဟော့စနီ မူဘာရက် ရုံးထုတ်မှုကို တီဗီမှာ တိုက်ရိုက်ပြသခဲ့

တရားစွဲခံထားရတဲ့ အီဂျစ် သမ္မတဟောင်း ဟော့စနီ မူဘာရက်ကို ကိုင်ရိုမြို့က တရား ရုံး တစ်ခုမှာ ဒုတိယ အကြိမ် အဖြစ် ရုံး ထုတ်ခဲ့ ပါတယ်။

မစ္စတာ မူဘာရက်ဟာ ဒီနှစ်ဆန်းက နိုင်ငံတဝန်း ဆန္ဒပြမှု တွေကို သတ်ဖြတ် နှိမ်နင်းဖို့ အမိန့် ပေးခဲ့တဲ့ အမှုအပြင် အဂတိ လိုက်စားမှု နဲ့ပါ တရားစွဲ ခံနေရတာ ဖြစ်ပါတယ်။

နာမကျန်း ဖြစ်နေတဲ့ မစ္စတာ မူဘာရက်ကို ဆေးရုံ ကုတင်နဲ့ပဲ တရားရုံး တွင်းက လှောင်အိမ် ထဲကို ခေါ်ဆောင် ခဲ့ပါတယ်။

မစ္စတာ မူဘာရက် နဲ့အတူ သားနှစ်ဦးလည်း အဂတိ လိုက်စား မှုနဲ့ တရားစွဲ ခံရပါတယ်။

သားအဖ သုံးဦး စလုံး ကတော့ ပြစ်မှုတွေ မကျုးလွန်ကြောင်း ထွက်ဆို ခဲ့ပါတယ်။

ကြားနာ စစ်ဆေး မှုတွေ လုပ်တဲ့ တရားရုံးဟာ ရဲသင်တန်းကျောင်း တစ်ခု အတွင်းမှာ ရှိပြီး ကျောင်း ပတ်ပတ်လည် မှာလည်း လုံခြုံရေးတွေ ထောင်နဲ့ ချီပြီး ချထား ပါတယ်။

မစ္စတာ မူဘာရက်ကို ထောက်ခံ သူတွေနဲ့ သူ့ကို အပြစ် ပေးဖို့ လိုလား နေသူ တွေကြား ရုန်းရင်း ဆန်ခတ် တွေလည်း ဖြစ်ခဲ့ ပါတယ်။

မူဘာရက် ကို စွဲထားတဲ့ အမှု ကို အလားတူ စွပ်စွဲခံနေရတဲ့ အရင်ပြည်ထဲရေး ဝန်ကြီး ဟောင်း ရဲ့ အမှုနဲ့ပေါင်းစစ်မယ် လို့ တရားသူကြီး က ဆုံးဖြတ်လိုက်ပါတယ်။

ဓာတ်ပုံ မူပိုင် BBC World Service
Image caption မူဘာရက်ကို ထောက်ခံသူ တွေကလည်း ရဲသင်တန်း ကျောင်း ရှေ့မှာ အော်ဟစ် ဆန္ဒပြခဲ့

ဒီဆုံးဖြတ်ချက်ကို အခုနှစ်ဆန်းတုန်းက ဆန္ဒပြမှုတွေ အတွင်း သေဆုံး ခဲ့ရသူ ၈၅၀ လောက်ရဲ့ မိသားစုတွေက ကြိုဆိုခဲ့ပါတယ်။

အဲဒီ မိသားစုဝင်တွေ က မူဘာရက် ဟာ ဆန္ဒပြပွဲ တွေ ကို နှိမ်နှင်း ဖို့ အတွက် ဘယ်လို အမိန့် တွေကို ပေးခဲ့ သလဲ ဆိုတဲ့ အပေါ် သိချင်ကြပါတယ်။

မူဘာရက် ဟာ အဲဒီ တုန်း က ဘယ်လို အမိန့် တွေ ကို ဘယ်သူ့ ကို ပေးခဲ့ သလဲ ဆိုတာ ကို တရားလို ဘက် က ရှေ့နေ တွေ က ပို စုံစမ်းခွင့် လိုချင် နေပြီး ဒီမှတ်တမ်း တွေ ကို ပို ပြီး သိပိုင်ခွင့် ရရေး အတွက် ဒီ ရှေ့နေ တွေ က တောင်းဆို နေပါတယ်။

လူထု အား နဲ့ အာဏာ ကနေ ပြုတ်ကျသွားတဲ့ မူဘာရက် ဘက် က ခုခံခေျပမယ့် ရှေ့နေ တွေက လည်း သူ အပြစ်မရှိကြောင်း သက်သေ အရေအတွက် ၁၆၀၀ လောက်တောင် တင်မယ် လို့ တရား သူကြီး ကို တင်ပြနေ ပြီး တရားသူကြီးကတော့ ဒီလောက်များများ ခွင့်ပြုမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

တရားသူကြီး တွေက ကြားနာ စစ်ဆေးမှု တွေကို နောက်လ ကျမှ ဆက်လုပ်မှာ ဖြစ်ပြီး ရုပ်မြင်သံကြား ကနေ တိုက်ရိုက် ထုတ်လွှင့် မှုကိုလည်း ရပ်နား မယ်လို့ ပြောပါတယ်။

အခု ဆန္ဒပြသူတွေအသတ်ခံရ မှု နဲ့ ပတ်သက်ပြီး တကယ်လို့ မူဘာရက် က ကျူးလွန်ကြောင်း တွေ့ရှိ ရရင် သေဒဏ် ထိ ကျခံ ရဘွယ် ရှိပါတယ်။