ဟာဇာရေကို ဖမ်းမှုနဲ့ အိန္ဒိယ တဝန်း ဆန္ဒပြ

  • 16 ဩဂုတ် 2011

အိန္ဒိယ နိုင်ငံက အဂတိ လိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားသူ အန်နာ ဟာဇရေ Anna Hazare ကို ဖမ်းဆီး ထောင်ချခဲ့ မှုကြောင့် နိုင်ငံ တဝန်း ကန့်ကွက် ဆန္ဒပြမှုတွေ ဖြစ်ခဲ့ ပါတယ်။

သူ့ကို ထောက်ခံသူ တစ်ထောင့် နှစ်ရာ လောက်ကိုလည်း ဖမ်းဆီးခဲ့ ပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption Anna Hazare ကို ထောက်ခံသူတွေက ဖမ်းဆီးမှုကို ကန့်ကွက်ခဲ့ကြ

မစ္စတာ ဟာဇာရေကို ဗုဒ္ဓဟူးနေ့ မနက်က ဖမ်းဆီး ခဲ့ပြီးတဲ့ နောက် ထောင်ဒဏ် ၇ ရက် ကျခံ စေဖို့ ရဲကား တစ်စီးနဲ့ ဒေလီ မြို့က သူ့ရဲ့ နေအိမ်ကနေ ခေါ်အသွားမှာ သူကို ထောက်ခံသူ တွေ ရာနဲ့ ချီပြီး ဝိုင်းဝန်း ကန့်ကွက် ခဲ့ကြ ပါတယ်။

အဲဒီ ဖမ်းဆီးရာ နေရာမှာ ဆူဆူပူပူ ဖြစ်ခဲ့တဲ့ ကြားမှာပဲ အိန္ဒိယ ပါလီမန် ကိုလည်း ရွှေ့ဆိုင်းလိုက် ပါတယ်။

အိန္ဒိယ အစိုးရက မစ္စတာ ဟာဇရေ ဟာ အဂတိ လိုက်စားမှု တိုက်ဖျက်ရာမှာ ပိုမို ပြင်းထန်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ တောင်းဆိုရင်း လူထု ပါဝင်တဲ့ အစာငတ်ခံ ဆန္ဒပြမှု ပြုလုပ်ဖို့ စီစဉ်ခဲ့တဲ့ အတွက် လူထု အတွက် အန္တရာယ် ဖြစ်စေတယ်လို့ ပြောပါတယ်။

မစ္စတာ ဟာဇာရေ ကတော့ အစိုးရ အဆိုပြုထားတဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဆိုင်ရာ တာဝန်ခံ ဟာ ဝန်ကြီးချုပ်နဲ့ တရားသူကြီးတွေ အပါအဝင် ဘယ်အရာရှိကို မဆို စုံစမ်း စစ်ဆေး ပိုင်ခွင့် ရှိသင့်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် သူက အစိုးရရဲ့အဂတိ တိုက်စားမှု တိုက်ဖျက်ရေး ဆိုင်ရာ ဥပဒေ ဟာ၊ ကြမ်းကြုတ်တဲ့ ဟာသ တစ်ခုသာ ဖြစ်တယ်လို့ ပြောဆိုပြီး၊ အဂတိ လိုက်စားမှုကို တကယ် လက်တွေ့ တိုက် ဖျက်ရေးဟာ အိန္ဒိယရဲ့ ဒုတိယ လွတ်လပ်ရေး တိုက်ပွဲ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption မစ္စတာ ဟာဇရေကို ရဲတွေက ဖမ်းဆီးပြီး အကျဉ်း ထောင် ဆီ ခေါ်သွား

ထောင်ဒဏ် ၇ ရက် အပြစ်ပေးခံရတဲ့ မစ္စတာ ဟာဇာရေကို ဒေလီမြို့မှာ နာမည်ဆိုးနဲ့ ကြော်ကြားတဲ့ တီဟာ အကျဉ်းထောင်မှာ ထားမှာဖြစ်ပြီး၊ ကျန်တဲ့ အဖမ်းခံရသူ တွေ ကိုတော့ ဒေလီက အားကစားကွင်း တခုထဲကိုခေါ်သွားခဲ့ပါတယ်။

ဒီဆန္ဒပြပွဲနဲ့ ပတ်သက်လို့ အာဏာပိုင်တွေ ဘက်က ကန့်သတ်ချက် ခြောက်ခု ထုတ်ပြန်ခဲ့ ရာမှာ၊ အစာငတ်ခံ ဆန္ဒပြမှုကို သုံးရက်ထက် မပိုဖို့ နဲ့ လူ လေးငါးရာ ထက်ပို မစုဝေးဖို့ ဆိုတဲ့ အချက်တွေလည်း ပါဝင်ပါတယ်။

သတင်းထောက်တွေ ကတော့ မကြာသေးခင် ကာလတွေ အတွင်း အရှက်ရ စရာ နာမည်ကြီး အဂတိ လိုက်စားမှုတွေ ဆက်တိုက် ပေါ်ပေါက် ခဲ့ပြီး တဲ့နောက် မစ္စတာ ဟာဇရေ ဟာ အိန္ဒိယ အစိုးရ အတွက် စိန်ခေါ်မှု တခုလို ပိုဖြစ်လာနေ တယ်လို့ပြောပါတယ်။

အဲဒီ အဖြစ် အပျက်တွေထဲမှာ တယ်လီဖုန်း ဆက်သွယ်ရေး လုပ်ငန်း အတွင်း ဒေါ်လာသန်း ထောင်နဲ့ချီပြီး အလွဲသုံးစား လုပ်ခဲ့မှု၊ ၂၀၁၀ ခုနှစ် တုန်းက ဒေလီမြို့မှာ ကျင်းပခဲ့ တဲ့ ဓန သဟာယ နိုင်ငံများ အားကစားပွဲ တုန်းက ငွေကြေး မသမာမှုတွေ ရှိခဲ့တယ် ဆိုတဲ့ ကိစ္စ၊ တိုက်ပွဲမှာ ကျဆုံးတဲ့စစ်သားတွေ ရဲ့ ဇနီးသည်တွေကို ပေးဖို့ဆောက် ထားတဲ့ အိမ်တွေကို အရပ်ဘက် ဝန်ထမ်း တွေကို ပေးနေတယ် ဆိုတဲ့ စွပ်စွဲ ချက်တွေလည်း ပါဝင် ပါတယ်။