အိန္ဒိယနိုင်ငံ တဝန်း မစ္စတာဟာဇာရေကို ထောက်ခံဆန္ဒပြ

  • 17 ဩဂုတ် 2011
ဓာတ်ပုံ မူပိုင် Getty
Image caption မစ္စတာဟာဇာရေကို ထောက်ခံတဲ့ ဆန္ဒပြပွဲတွေ နိုင်ငံ တဝန်းမှာ ဖြစ်ပွားနေပါတယ်

အိန္ဒိယနိုင်ငံမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အတွက် စည်းရုံး လုပ်ဆောင်နေတဲ့ အန်နာ ဟာဇာရေကို ထောက်ခံသူ ၃ ထောင်လောက်ဟာ သူ့ကို အာဏာပိုင်တွေက ခေါ်သွားခဲ့တဲ့ တီဟာ ထောင် အပြင် ဘက်မှာ စုရုံးဆန္ဒပြနေကြ ပါတယ်။

ဒီထောင်ဟာ မူးယစ်ဆေးဝါး ကုန်ကူးသူတွေ၊ စစ်သွေးကြွတွေ နဲ့ အဂတိလိုက်စားတဲ့ အစိုးရ အရာရှိကြီးတွေကို ထိန်းသိမ်းထားတဲ့ အကျဉ်း ထောင်ပါ။ အခုတော့ မဟတ္တမ ဂန္ဓီကို လေးစားအားကျတယ်ဆိုတဲ့ ဟာဇာရေ တယောက် လည်း ရောက်နေပြီး သူဟာ အစာငတ်ခံ ဆန္ဒပြဆဲဖြစ်ပါတယ်။ သူ့ကို လွှတ်ပေးခဲ့ပေမယ့် ထောင်ထဲကနေ ထွက်ခွာဖို့ ငြင်းဆန်နေဆဲပါ။

ငြင်းဆန်တာကတော့ သူ့ကို ခြွင်းချက်မရှိ လွှတ်ပေးတာ မဟုတ်ပဲ ကန့်သတ်ချက်တွေနဲ့ လွှတ်ပေးတဲ့အတွက် ဖြစ်ပါတယ်။ အသက် ၇၄ နှစ်အရွယ် မစ္စတာ ဟာဇာရေဟာ ထောင်အပြင် ရောက်ရင်လည်း ဆန္ဒပြလှုပ်ရှားမှုတွေ ဆက်လုပ်မယ်ဆိုတဲ့ အစီအစဉ် ရှိနေပါတယ်။

ဒီဆန္ဒပြ လှုပ်ရှားမှုတွေအတွင်း မစ္စတာ ဟာဇာရေက ပါလီမန်ဆီကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေးနဲ့ ပတ်သက်တဲ့ ဥပဒေကြမ်းတစ်ရပ် ပေးပို့ခဲ့ပါတယ်။ အစိုးရအနေနဲ့ လက်ရှိ ပြဌာန်းပြီးသား ဥပဒေဟာ အလုပ်မဖြစ်လို့ ဒါကို ပယ်ဖျက်ပြီး ဥပဒေအသစ်တစ်ရပ် ပြဌာန်းပေးဖို့ တောင်းဆိုနေကြတာပါ။

ဒါပေမယ့် ဝန်ကြီးချုပ် မန်မိုဟန်ဆင်းက ပါလီမန်အတွင်း ပြောတဲ့ မိန့်ခွန်းမှာတော့ မစ္စတာ ဟာဇာရေဟာ ပါလီမန်ဆီကို ဥပဒေတင်သွင်းတယ်ဆိုတာ လွဲမှားနေတဲ့ အယူအဆသာ ဖြစ်တယ်၊ ပါလီမန် ဒီမိုကရေစီစနစ်အောက်က အစိုးရတစ်ရပ်ကို စိန်ခေါ်မှုတစ်ရပ် ဖြစ်နေ တယ်လို့ ဆိုပါတယ်။

ဒါကြောင့် နှစ်ဘက်ကြား အဂတိလိုက်စားမှု တိုက်ဖျက်ဖို့ ရည်ရွယ်ချက်ခြင်း တူကြပေမယ့် လည်း ညှိနှိုင်းလို့မရ ဖြစ်နေပါတယ်။ ဒီနေ့မှာဆိုရင်လည်း မစ္စတာ ဟာဇာရေကို ထောက်ခံကြတဲ့ ထောင်နဲ့ချီတဲ့ လူတွေဟာ တီဟာ အကျဉ်းထောင်ရှေ့မှာ စုဝေးရောက်ရှိ နေကြပြီး မစ္စတာ ဟာဇာရေ အနေနဲ့ သူ့ရဲ့ လှုပ်ရှားမှုကို ဆက်လုပ်ဖို့ ထောက်ခံတယ်၊ နောက်ပြီး လာဘ်ပေးလာဘ်ယူမှုစနစ် ကျဆုံးပါစေဆိုပြီး အော်ဟစ်ဆန္ဒပြနေကြပါတယ်။

ဆန္ဒပြမှုကြောင့် မဟုတ်ပဲ လူစုလူဝေးနဲ့ မတည်မငြိမ်ဖြစ်စေလို့ ငြိမ်ဝပ်ပိပြားရေးအတွက် ဆိုပြီး ရဲက မစ္စတာ ဟာဇာရေကို အင်္ဂါနေ့က ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။