ကရာချီ မြို့မှာ အကြမ်းဖက် သတ်ဖြတ်မှု တွေ ဖြစ်

  • 18 ဩဂုတ် 2011
Karachi ဓာတ်ပုံ မူပိုင် BBC World Service
Image caption သေဆုံးသူတို့ရဲ့မိသားစုတွေ ဝမ်းနည်းပူဆွေး

ပါကစ္စတန် နိုင်ငံ က အကြီးဆုံးမြို့ဖြစ်တဲ့ ကရာချီ မှာ ဗုဒ္ဓဟူးနေ့ ကစပြီး အနည်းဆုံး လူ ၃၁ ဦး အသတ်ခံရတဲ့ အဖြစ်တွေ ဖြစ်ပွား ခဲ့ပါတယ်။

ခေါင်းကို သေနတ်နဲ့ ပစ်ခတ်ပြီး ဒါမှမဟုတ် နှိပ်စက် ညှင်းပမ်းပြီး အသတ်ခံရတဲ့ လူတွေရဲ့ အလောင်းတွေကို အိတ်တွေထဲ ထည့်ပြီး မြို့တွင်းက နေရာ အများအပြားမှာ

စွန့် ပစ် ထားတာ ကို ရဲက ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်။

ဒီလို အကြမ်းဖက် သတ်ဖြတ်မှုတွေဟာ မြို့ရဲ့ လူနေ ထူထပ်တဲ့ လရာရီ ရပ်ကွက် နဲ့ အနီး ဝန်းကျင် က လက်နက်ကိုင် ရာဇဝတ်ဂိုဏ်းတွေ အချင်းချင်းကြား ဖြစ်ပွား ခဲ့ တာ လို့ အာဏာပိုင် တွေက ပြောပါတယ်။

လရာရီ ရပ်ကွက်ဟာ ဆင်းရဲသား ရပ်ကွက်တခု ဖြစ်ပြီး သမ္မတ ဇဒါရီရဲ့ ပါတီ က အခိုင်အမာ ထိန်းချုပ်ထားတဲ့ ရပ်ကွက် လို့ သတ်မှတ်ထားကြတာပါ။

အဲဒီ ရပ်ကွက်ဟာ မူးယစ်ဆေးဝါး ရောင်းဝယ်တဲ့ လက်နက်ကိုင် ဂိုဏ်းတွေ ကြီးစိုးတဲ့ ရပ်ကွက် တခု အဖြစ် လည်း နာမည်ကြီးပါတယ်။

ပြီးခဲ့တဲ့လ တုန်း ကပဲ ကရာချီမြို့မှာ ပစ်ခတ်မှုတွေ၊ ဗုံးခွဲမှုတွေကြောင့် လူ သုံးရာကျော် သေဆုံးခဲ့ပြီး အကြမ်းဖက်မှုတွေ အများဆုံး ဖြစ်ခဲ့တဲ့ လအဖြစ် စံချိန်ချိုး ခဲ့ ပါတယ်။

အခု ဖြစ်ခဲ့တဲ့ သတ်ဖြတ်မှုတွေက ကနဦးတုန်း က နိုင်ငံရေး နဲ့ ဆက်နွယ် နေတယ်လို့ ဆိုပေမဲ့ အခုတော့ ရာဇဝတ်ဂိုဏ်း တွေ က လူမရွေးပဲ သတ်ဖြတ်ခဲ့ပုံ မျိုး ရှိပြီး အခု သေနတ်နဲ့ ပစ်သတ် ခံရသူ တွေ ထဲမှာ အမျိုးသမီးတွေ၊ ကလေးတွေ၊ ဆယ်ကျော်သက် ဘောလုံး သမားတွေ ပါဝင်တာ တွေ့ရ ပါတယ်။

လောလောဆယ်မှာ ကရာချီ မြို့က ဘယ်နေရာမှာ မဆို လုံခြုံ စိတ်ချရတဲ့ပုံမျိုး မရှိပါဘူး။

ကရာချီမြို့ တဝိုက် ဖြစ်ပွားခဲ့တဲ့ ဒီလက်နက်ကိုင် သတ်ဖြတ်မှုတွေနဲ့ ပတ်သက်လို့ ဥပဒေ ကြောင်း အရ အရေးယူ ဆောင်ရွက်တာမျိုး မရှိသေးပဲ အစိုးရ အနေနဲ့ ငြိမ်ချက် သား ကောင်းနေတာ ကို လည်း တွေ့ရပါတယ်။

အဲဒီမှာ မသင့်မမြတ် ဖြစ်နေကြတဲ့ နိုင်ငံရေး အုပ်စုတွေ အကြား ပြန်လည် ရင်ကြားစေ့ဖို့ ကြိုးပမ်း ဆောင်ရွက်မှုတွေ ရှိနေတဲ့ကြားက အခုလို သတ်ဖြတ်မှုတွေ ဖြစ်ခဲ့ တာပါ။

လူသတ်သမားတွေကို ထိပ်တန်း နိုင်ငံရေးသမားတွေက အကာအကွယ်ပေး နေတာကြောင့် အရေးယူ အပြစ်ပေးဖို့ အခက်တွေ့ နေရတယ်လို့ လုံခြုံရေး အဖွဲ့ဝင်တွေ က ပြော ပါတယ်။

အခုတော့ ပါကစ္စတန်နိုင်ငံရဲ့ အကြီးဆုံး နဲ့ အရေးပါဆုံး မြို့ကြီးဖြစ်တဲ့ ကရာချီမြို့ က လမ်းမတွေ ပေါ်မှာ မင်းမဲ့ ပြုမူနေပြီး လောလောဆယ် မှာတော့ ရာဇဝတ်ဂိုဏ်း တွေရဲ့ သြဇာ အရှိန်အဝါ ဟာ အစိုးရရဲ့ အမိန့်ထက် ပို တန်ခိုးထွားနေတာ တွေ့ရ ပါတယ်။