လစ်ဗျားမှာ ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ပွား

  • 20 ဩဂုတ် 2011
ဓာတ်ပုံ မူပိုင် AFP
Image caption အရေးပါတဲ့ မြို့တွေ သိမ်းနိုင်ဖို့ လစ်ဗျား သူပုန်တွေ ကြိုးပမ်းနေ

လစ်ဗျားနိုင်ငံမှာ ဗိုလ်မှူးကြီး ကဒါဖီကို ရာထူးကနေ ဖြုတ်ချဖို့ တိုက်ခိုက်နေတဲ့ သူပုန်တွေ ထရစ်ပိုလီ မြို့တော်နားဆီ ရှေ့တိုး လာနေစဉ်မှာပဲ ကမ်းရိုးတန်း မြို့နှစ်မြို့မှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။

မြို့တော်ရဲ့ အနောက်ဘက် Zawiya မြို့မှာ ပြင်းထန်တဲ့ ရင်ဆိုင် တိုက်ခိုက်မှုတွေ တစ်ရက် ကြာ ဖြစ်ပွားခဲ့ အပြီး သူပုန်တပ်ဖွဲ့ဝင် ရာပေါင်း များစွာက မြို့ရင်ပြင်ကို ပြန်သိမ်းပိုက်လိုက် ပါတယ်။

မြို့တော် အရှေ့ဘက် Zlitan မြို့မှာတော့ ဗိုလ်မှူးကြီး ကဒါဖီရဲ့ တပ်ဖွဲ့တွေကို တိုက်ထုတ် နေတဲ့ သူပုန်တွေ ထိခိုက်သေဆုံးမှု အတော်များများ ရှိခဲ့ပါတယ်။

တိုက်ခိုက်မှုတွေ ပိုပြင်းထန် လာနေချိန်မှာပဲ နိုင်ငံခြားသား အလုပ်သမား ထောင်ပေါင်း များစွာကို ထရစ်ပိုလီမြို့ ထဲကနေ ကယ်ထုတ်ဖို့ IOM ရွှေ့ပြောင်းနေထိုင်သူများ ဆိုင်ရာ နိုင်ငံတကာ အဖွဲ့ကြီးက စီစဉ်နေပါတယ်။

ဝန်ကြီးချုပ်ဟောင်း Abdessalem Jalloud ဟာ မြို့တော်ကနေ ထွက်ပြေးသွားပြီး သူပုန်တွေ ထိန်းချုပ်တဲ့ ပိုင်နက်ထဲမှာ ဝင် ခိုလှုံလာတယ်လို့ လစ်ဗျား သူပုန်တွေက ပြောပါတယ်။