ထရစ်ပိုလီ ထဲမှာ သေနတ်သံတွေ ကြားနေရပြီ

  • 20 ဩဂုတ် 2011
libya ဓာတ်ပုံ မူပိုင် Reuters
Image caption ဇဝီယာ မြို့က သူပုန်များ

လစ်ဗျား နိုင်ငံက မြို့တော် ထရစ်ပိုလီ မှာ သေနတ် သံတွေ နဲ့ ပေါက်ကွဲသံ တွေကို ကြားနေ ရတယ် လို့ဆို ပါတယ်။

မြို့တော် တွင်းမှာ ရှိနေတဲ့ ဘီဘီစီ သတင်း ထောက် ကတော့ အခု ကြားရတဲ့ သေနတ် သံတွေ က ခါတိုင်း ကြားနေကျ အောင်ပွဲခံ တဲ့ သေနတ် သံမျိုး တွေ မဟုတ်ဘဲ တဘက်နဲ့ တဘက် ပစ်နေသံ မျိုးနဲ့ တူတယ်လို့ ဆိုပါတယ်။

မြို့ခံတွေက လဲ မြို့တွင်းက တချို့ နေရာ တွေ မှာ တိုက်ပွဲ ငယ်လေး တွေ ဖြစ်တာ မျိုးရှိ ကြောင်း ပြော ပါတယ်။ လစ်ဗျား နိုင်ငံပိုင် ရုပ်မြင် မှာတော့ သူပုန် တွေ ဟာ အဖွဲ့ငယ် လေးတွေ ခွဲပြီး မြို့တွင်းကို ခိုးဝင် လာခဲ့ ကြပေမယ့် သူတို့ကို ရှင်းလင်းပစ် လိုက်ပြီး ဖြစ် တယ် လို့ဆို ပါတယ်။

တချိန်ထဲ မှာပဲ လစ်ဗျား သူပုန်တွေက ထရစ်ပိုလီ အရှေ့ဘက်က ဇလစ်တန် မြို့ကို ထိန်းချုပ် နေနိုင်ပြီ ဖြစ်သလို အနောက် ဘက် မှာ ရှိတဲ့ ဇဝီယာ မြို့နဲ့ တောင်ဘက်မှာလဲ ဂါယန်း မြို့တွေ ကို ထိန်းချုပ်ထား လိုက်နိုင်ပြီ ဖြစ်ပါတယ်။

ဒါပေမယ့် လစ်ဗျား အရှေ့ ခြမ်းက ဘရေဂါ မြို့ ကိုတော့ အစိုးရ တပ်တွေ က လက်နက် ကြီး တွေနဲ့ ပစ်နေလို့ ဆုတ်ခွာ လာရ တယ်လို့ အဲဒီက သူပုန် တပ်မှူး တယောက်က ပြောပါတယ်။

တခါ သူပုန်တွေ ရဲ့ ဘင်ဂါဇီက ဌာနာချုပ် ကို ရောက်ရှိ လာခဲ့တဲ့ အမေရိကန် လက်ထောက် ဝန်ကြီး တဦး ဖြစ်တဲ့ ဂျက်ဖရီ ဖဲ့လ်ဒ် မဲန်း ကတော့ အခု ဖြစ်ပေါ်နေတဲ့ အခြေအနေ တွေ အရ ကဒါဖီ အခြေအနေ မကောင်း တော့ ကြောင်း နဲ့ သူ့ရဲ့ အစိုးရတပ် တွေ အားနည်း လာ နေ တာ နဲ့ အမျှ အတိုက်အခံ တွေ ဘက်ကလဲ နယ်မြေတွေ ကို တနယ် ပြီး တနယ် သိမ်း ပိုက် လာ နိုင်ကြောင်း၊ သမ္မတ အိုဗားမား နဲ့ နိုင်ငံခြား ရေး ဝန်ကြီး ဟီလာရီ ကလင်တန် တို့ တောင်း ဆို ထားတဲ့ အတိုင်း ကဒါဖီ အနေနဲ့ အာဏာ စွန့် ဖို့ လိုအပ်နေပြီ ဖြစ်ကြောင်း နဲ့ သူ့ အတွက် အချိန် သိပ် မကျန် တော့ ကြောင်း တွေကို ပြောသွား ခဲ့ ပါတယ်။