Saif al-Islam ကို ဖမ်းမိကြောင်း ICC အတည်ပြု

  • 22 ဩဂုတ် 2011
ဓာတ်ပုံ မူပိုင် AP
Image caption အစိမ်းရောင် ရင်ပြင်က အာဇာနည်တွေရဲ့ အောင်ပွဲခံမှု

လစ်ဗျားနိုင်ငံမှာ ရာထောင်ချီတဲ့ လက်နက်ကိုင် တိုက်ပွဲဝင် သူပုန်တွေက ထရစ်ပိုလီမြို့ တလွှားမှာ ဖြန့်ကျက်ထားလိုက်ပါပြီ။

ရုပ်မြင်သံကြား သတင်းတွေ အရ မြို့လယ်က အစိမ်းရောင်ရင်ပြင်ကို သူပုန်တွေ ရောက်လာတော့ လူထုက သူတို့ကို သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပါတယ်။

သူပုန်တွေ မြို့ထဲဝင်တော့ အစိုးရတပ်ရဲ့ တိုက်ခိုက်မှု အနည်းအကျဉ်း လောက်သာ ကြုံခဲ့ရတယ်လို့ ဆိုပေမယ့် တချို့ အရပ်ဒေသတွေမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်နေဆဲ လို့ သိရပါတယ်။

လစ်ဗျား အစိုးရဖက်က သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့တဲ့ ဟော်တယ်မှာ ရောက်နေတဲ့ ဘီဘီစီ သတင်းထောက် အဆိုအရ အဲဒီ အဆောက်အအုံကို သူပုန်တွေက သိမ်းပိုက်ဖို့ ကြိုးစား နေတယ်လို့ ဆိုပါတယ်။

တနင်္ဂနွေ နေ့လယ် ကတည်းက ဆိုရင် ၁၃ နာရီတောင် မဟုတ်ပါဘူး ၁၂နာရီ အတွင်း သေဆုံးသူ ၁၃ဝဝလောက် ရှိပြီး လူငါးထောင် ဒဏ်ရရခဲ့တယ် ဆေးရုံတွေမှာ လူနာတွေ ထားစရာ နေရာတောင်မရှိ ဖြစ်နေရတယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ အစောပိုင်းတုန်းက လစ်ဗျား အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ် Moussa Ibrahim က ဆိုသွားခဲ့ ပါတယ်။

ဓာတ်ပုံ မူပိုင် BBC World Service
Image caption အဖေ့ အရိုက်အရာ ခံမယ်လို့ တစ်ပြေးခဲ့တဲ့ ကဒါဖီ သား Saif al-Islam

ဗိုလ်မှူးကြီး ကဒါဖီ ရဲ့ အရိုက်အရာကို ခံယူလိမ့်မယ်လို့ တစ်ပေးခံရတဲ့ သူ့ရဲ့ တတိယမြောက်သား Saif al-Islam ကို ဖမ်းထားလိုက်ပြီ လို့ နိုင်ငံတကာ ရာဇဝတ် တရားရုံးက အမှုလိုက် ရှေ့နေတွေက အတည်ပြု ပြောကြားခဲ့ပါတယ်။

နောက်သား တယောက်ဖြစ်တဲ့ Mohammed လည်း သူပုန်တွေဆီမှာ လက်နက်ချ ခဲ့တယ်လို့ ဆိုပါတယ်။

လစ်ဗျားက လူမျိုးစု ခေါင်းဆောင်တွေအနေနဲ့ ထရစ်ပိုလီကိုလာပြီး သူပုန်တွေကို တိုက်ပေးကြပါလို့ ဗိုလ်မှူးကြီး ကဒါဖီက ထပ်မံတောင်းဆို လိုက်ပါတယ်။

တနင်္ဂနွေက ဒုတိယအကြိမ် ထုတ်လွှင့်တဲ့ သူရဲ့ အသံသွင်း ပြောကြားချက်ထဲမှာ မြို့တော် ထရစ်ပိုလီ တဝိုက်ကလူတွေကို အိမ်ပြင်ထွက်လာပြီး ကာကွယ်ကြဖို့ ပန်ကြားထားပါတယ်။

ဓာတ်ပုံ မူပိုင် BBC World Service
Image caption လစ်ဗျား ခေါင်းဆောင် Colonel Gaddafi

လစ်ဗျား ပြည်သူတွေ အနေနဲ့ အဲဒီလို မကာကွယ်ဘူးဆိုရင် သူ့အဆိုအရ ပြင်သစ် သိမ်းပိုက်တာ ခံရပြီး ဗြိတိသျှ ကိုလိုနီ အဖြစ်ကို ရောက်သွားမယ်လို့ ကဒါဖီက သတိပေးထားပါတယ်။

အစောပိုင်းတုန်းက ထုတ်ပြန်ခဲ့တဲ့ သူ့သတင်းစကား တခုထဲမှာတော့ ထရစ်ပိုလီမြို့ကို ဘယ်တော့မှ လက်လွှတ်ဆုံးရှုံး ခံမှာ မဟုတ်ဘူး ၊ အဆုံးတိုင် ခုခံကာကွယ်သွားမယ်လို့ ဆိုပါတယ်။

လစ်ဗျားနိုင်ငံမှာ ဗိုလ်မှူးကြီး ကဒါဖီ ချက်ခြင်း ရာထူးက ဆင်းပေးဖို့ နိုင်ငံ တကာက ထပ်မံ တောင်းဆို လိုက်ကြ ပြန်ပါပြီ။

ကဒါဖီ အစိုးရဟာ အစိတ်စိတ် အမွှာမွှာ ကွဲနေပြီး ဒီစစ်ပွဲမှာ သူမအောင်နိုင် တော့ဘူး ဆိုတာ သဘောပေါက်သင့်ပြီလို့ နေတိုးတပ်ဖွဲ့ရဲ့ ပြောခွင့်ရ အမျိုးသမီးက ဆိုပါတယ်။

လက်နက်ကိုင် တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးသမား သူပုန်တွေက မြို့တော် ထရစ်ပိုလီမှာ ထိုးစစ်ဆင်နွှဲနေပြီလို့ အမေရိကန်က ပြောပြီး လစ်ဗျား ခေါင်းဆောင် အနေနဲ့ ဆက်လက် ရပ်တည်နိုင်ဖို့ ရက်နည်းနည်းဘဲ ကျန်တော့တယ်လို့ ဆိုပါတယ်။

ဗြိတိသျှ အစိုးရ ကတော့ ကဒါဖီ အုပ်ချုပ်ရေး အဆုံးသတ်ဖို့ နီးလာပြီ ၊ သူ့ပြည်သူတွေ ထပ်မံ ထိခိုက်နစ်နာမှု မရှိရအောင် ဆင်းပေးဖို့ ဆော်သြ လိုက်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ပြင်သစ် သမ္မတ Nicolas Sarkozy

ပြင်သစ် သမ္မတ နီကိုလပ် ဆာကိုဇီကတော့ လစ်ဗျားမှာ အဆုံးအဖြတ် ပေးတော့မယ် အချိန် ရောက်လာပြီလို့ ဆိုပါတယ်။

သွေးထွက် သံယိုမှုတွေ ထပ်မဖြစ်ရအောင် ဗိုလ်မှူးကြီး ကဒါဖီက အမြန်ဆုံး အာဏာလွှဲပေးရင် ကောင်းမယ်လို့ ဂျာမန် ဝန်ကြီးချုပ် အန်ဂလာ မာခဲက ပြောကြားလိုက်ပါတယ်။