လွှတ်တော်တွေမှာ ကော်မီတီတွေ ဖွဲ့

  • 22 ဩဂုတ် 2011
ဓာတ်ပုံ မူပိုင် AP
Image caption သမ္မတဦးသိန်းစိန်က ဝန်ထမ်းကောင်းတွေ ဖြစ်ဖို့ပြော

နေပြည်တော်မှာ ဒီကနေ့စတဲ့ အမျိုးသား လွှတ်တော်နဲ့ ပြည်သူ့ လွှတ်တော် ဒုတိယအကြိမ် ပုံမှန် အစည်းအဝေးတွေမှာ တိုင်းရင်းသားရေးရာနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ကော်မီတီ၊ နိုင်ငံသားများရဲ့ မူလအခွင့်အရေးနဲ့ ပြည်ပရောက် နိုင်ငံသားများဆိုင်ရာ ကော်မီတီ၊ အမျိုးသားစီမံကိန်းနဲ့ ငွေရေး ကြေးရေး ဆိုင်ရာ ကော်မီတီ၊ ပညာရေး ကျန်းမာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ကော်မီတီ၊ ပြည်သူများရဲ့တိုင်ကြားစာနဲ့ အသနားခံလွှာ ကော်မီတီ အပါအဝင် ကော်မီတီ ၈ ခုစီဖွဲ့ခဲ့ပါတယ်။

အမျိုးသားလွှတ်တော် ဆိုင်ရာ ပညာရေး ကျန်းမာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ကော်မီတီအနေနဲ့ မြန်မာနိုင်ငံရဲ့ လူသားအရင်းအမြစ် ဖွံဖြိုးရေးအတွက် ညွှန်းကိန်းတွေ ဆွဲပေးဖို့ ၊ ပြည်သူ့ကျန်မာရေး စောင့်ရှောက်မှုစနစ်ကို မြှင့်တင်ပေးဖို့၊ ပညာရေးစနစ်ကို ပြုပြင်ဖို့ စတဲ့ လုပ်ငန်းဘောင်တွေ ချပေးထားတယ်လို့ ကော်မီတီဥက္ကဌ အဖြစ် တာဝန်ပေးခံရတဲ့ အမျိုးသား လွှတ်တော်အမတ် ဦးခင်ရွှေက ပြောပါတယ်။

မွန်းလွဲပိုင်းမှာ ပြည်ထောင်စု လွှတ်တော်ကို ကျင်းပခဲ့ပြီး နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါတယ်။

သမ္မတဦးသိန်းစိန်က ဝန်ထမ်းတွေနဲ့ ပတ်သက်လို့ ကြိုးနီစနစ်ကို ဆက်လက်ကိုင်စွဲထားသူတွေ အဂတိလိုက်စားမှုတွေကို ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ပြောခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံသေးတဲ့ အဖွဲ့အစည်းတွေနဲ့ စည်းရုံးဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ပြည်ထောင်စုလွှတ်တော်မှာ ဘဏ္ဍာအခွန်ဝန်ကြီးက အမြတ်ခွန်နဲ့ ကုန်သွယ် လုပ်ငန်းခွန်ဆိုင်ရာတွေမှာ ရုတ်သိမ်းဖို့ ပြင်ဆင်ဖို့ လိုအပ်တာနဲ့ပတ်သက်လို့ ဥပဒေကြမ်းတွေကို အဆိုပြုတင်ပြခဲ့ပြီး ပြည်ထောင်စုလွှတ်တော်က လက်ခံဆွေးနွေးဖို့ သဘောတူခဲ့တယ်လို့ သိရပါတယ်။