အိန္ဒိယ ချစားမှု ဝန်ကြီးချုပ် ပြော

  • 22 ဩဂုတ် 2011
Anna Hazari ဓာတ်ပုံ မူပိုင် AP
Image caption အန်နာ ဟဇာရီကို ထောက်ခံသူတွေ ဒေလီမှာ စုရုံး ဆန္ဒပြနေ

အိန္ဒိယ နိုင်ငံမှာ လောလောဆယ် ဆွေးနွေး နေတဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေတခု ကျလာရုံနဲ့ အဂတိ လိုက်စားမှု ပြဿနာ ပြေလည် သွားမှာ မဟုတ်ဖူးလို့ ဝန်ကြီးချုပ် မန်မိုဟမ်ဆင်းက ပြောလိုက် ပါတယ်။

အိန္ဒိယ အဖွဲ့အစည်းထဲက ချစားမှု အလေ့ အကျင့်တွေဟာ သပွတ်အူလို ရှုပ်ထွေး လှပြီး ဒီကိစ္စတွေကို တချက်ထဲနဲ့ ဖြေရှင်းနိုင်မဲ့ ကုထုံး မရှိဘူးလို့ တနိုင်ငံလုံးကို ရုပ်သံကနေ မိန့်ခွန်း ပြောရာမှာ အိန္ဒိယ ဝန်ကြီးချုပ်က ပြောသွားပါတယ်။

အိန္ဒိယ နိုင်ငံ တဝှမ်းက ချစား အကျင့်ပျက်မှုတွေကို လူမှု အခွင့်အရေး တက်ကြွ လှုပ်ရှားသူ အန်နာ ဟဇာရီက အစာငတ်ခံ ဆန္ဒပြနေရာမှာ ဒီကနေ့မှာ ဒေလီမြို့မှာ သူ့ကို ထောက်ခံတဲ့ အနေနဲ့ လူပေါင်း သောင်းချီ စုရုံးပြီး ဆန္ဒ ပြခဲ့ပါတယ်။

အိန္ဒိယ လွှတ်တော်က အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ဒီလကုန်မှာ ပြဌာန်းဖို့ ရှိပြီး လက်ရှိ ဥပဒေထက် ပိုပြီး ပြင်းတဲ့ ဥပဒေ တခုကို စဉ်းစားဖို့ အန်နာ ဟဇာရီက ပြောပါတယ်။